စစ်သုံ့ပန်းမင်္ဂလာဆောင် ဝေဖန်သူများပြားတာကြောင့် စခန်းတာဝန်ခံ တောင်းပန်
- BVJ
- 1 day ago
- 1 min read
BVJ/မိုနာ_ မေ ၁၃၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်က စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းရှိ စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို အခုလ ၁၀ရက်မှာ ပြုလုပ်ကျင်းပပေးခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက ဒီနေ့ မေ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အခုမင်္ဂလာဆောင်ပေးလိုက်တဲ့ သတို့သားဟာ တပ်ပြေးတစ်ဦးဖြစ်ပြီး သတို့သမီးဟာ စစ်သုံ့ပန်းရဲ့ သမီးဖြစ်ကြောင်းနဲ့ သတို့သားဟာ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက လုံခြုံရေးအကူတပ်စုမှာ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်သုံ့ပန်းတွေကိုမင်္ဂလာဆောင်ပေးတဲ့အကြောင်းကို ဒီနေ့မှာမှအသိပေးထုတ်ပြန်လာတာကြောင့် ဝေဖန်ထောက်ပြမှုတွေလည်း မြင့်တက်နေပါတယ်။
“ယနေ့ တင်လိုက်သောပိုစ့်သည် စစ်တပ်ရဲ့ လူသားမဆန်စွာ ကလေးငယ်များကို သတ်ဖြတ်လိုက်လို့ တနိုင်ငံလုံးပူဆွေးဝမ်းနည်းရတဲ့အချိန် လုံးဝတိုက်ဆိုင်မှုဟာ ကျနော်တို့တွေ့ရဲ့ ညံဖျင်းမှု ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ပို့စ်ပြန်ဖျက်လိုက်ရင်လည်း ဒေါ်သဖြစ်နေသော ပြည်သူလူထုကို ပိုပြီး ဒေါသထွက်စေသလို ကိုယ်အမှားကိုတာဝန်မယူသလို ဖြစ်သွားစေနိုင်ပါတယ်...
ကလဒေသမကြည့်ဘဲ တာဝန်မဲ့စွာ ဒီလိုလုပ်ရပ်မျိုး နောက်နောင်မဖြစ်ဖို့ သတိပေးရင်း အားလုံးကို တောင်းပန်အပ်ပါတယ်”လို့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက ပြန်တောင်းပန်ထားပါတယ်။
စစ်ကောင်စီအဖွဲ့ဟာ စစ်ကိုင်းတိုင်းမြို့နယ်ရှိ ဒီပဲယင်း အိုးထိန်းတွင်းရွာစာသင်ကျောင်းကို မနေ့ကလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသား၊ကျောင်းသူတွေနဲ့ စေတနာ့ဝန်ထမ်း ဆရာမ နှစ်ယောက်အပါအဝင် စုစုပေါင်း (၂၂)ယောက်သေဆုံးခဲ့ရပြီး ညဘက်မှာလည်း ဗုံးထပ်ကြဲခဲ့တယ်လို့ သိရပါတယ်။
စစ်သုံ့ပန်းမင်္ဂလာဆောင် အသိပေးထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃ စစ်ဒေသခွဲ စစ်သုံ့ပန်းစခန်း တာဝန်ခံကလည်း ”ဒါဟာ တိုက်တိုက်ဆိုင်ဆိုင် လုပ်တဲ့သဘောလည်းမဟုတ်ပါဘူး။ ကျနော်တို့ ဒီဟာတွေလုပ်ပေးနေတယ်ဆိုတာကလည်း အကြောင်းရှိပါတယ်။ ပြည်သူ့ရဲဘော်တွေဟာ နေ့စဉ်တိုက်ပွဲတွေမှာ အသက်ဆုံးရှုံးနေရပါတယ်။ စစ်သုံ့ပန်းတွေကို လူ့အခွင့်အရေးနဲ့အညီကျနော်တို့ ဘာလို့ထားတာလဲ။ နံပါတ်-၁ကတော့ ကျနော်တို့ရဲ့တိုက်ပွဲတွေမှာ သူတို့ရဲ့စစ်ပညာတွေကိုအသုံးချပြီးတော့ တော်လှန်ရေးအတွက်အသုံးချဖို့ပါ။ ၂ ကတော့ စစ်သုံ့ပန်းတွေကို ကောင်းကောင်းမွန်ထားပါလား လူ့အခွင့်အရေးနဲ့အညီထားပါလားလို့ သူတို့သိရှိသွားတဲ့အခါ တချို့တိုက်ပွဲတွေမှာ ကျနော်တို့ရဲ့ရဲဘော်တွေဟာ အသက်မဆုံးရှုံးဘဲနဲ့ အလွယ်တကူလက်နက်ချလာနိုင်အောင် နည်းဗျူဟာတခုအနေနဲ့ သုံးတာဖြစ်ပါတယ်။ ဒါကိုပြည်သူ လူထုက အားပေးနားလည်ဖို့လိုပါတယ်ဗျ”လို့ ပြောထားပါတယ်။
NUGရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနှစ်ရာဝန်းကျင်ရှိပြီး အဲ့ဒီစခန်းမှာ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်၊ ကျိုက်ဒုံစခန်း ကျသွားပြီးနောက် ပြီးခဲ့တဲ့၂၀၂၄၊ မတ်လ ၁၄ ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်ရဲ့ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုးလည်းရှိတယ်လို့ သိရပါတယ်။
Comments