တော်လှန်ရေးသီချင်းကိုပြောင်းလဲပြီး ဝါဒဖြန့်သီချင်းအဖြစ် အာဏာသိမ်းစစ်တပ်အသုံးပြုလာ
- BVJ

- 6 minutes ago
- 1 min read
ယူဂရင်း/BVJ_မေ ၂၆၊ ၂၀၂၆

တော်လှန်ရေးသီချင်းအဖြစ်လူသိများအောင်မြင်ထားတဲ့ “အရေးကြီးပြီ” ဆိုတဲ့သီချင်းကို အာဏာသိမ်းစစ်အုပ်စုက “စစ်သားသွေးနီ ရှေ့သို့ချီ”လို့ သီချင်းခေါင်းစဉ်နဲ့စာသားအချို့ပြောင်းလဲပြီး အခု မေလ ၂၄ရက်မှာ စစ်တပ်ပိုင် မြဝတီ(MWD)ရုပ်သံလိုင်းကနေ ထုတ်လွှင့်လာပါတယ်။
အဲ့ဒီ“အရေးကြီးပြီ”သီချင်းကို ၁၉၈၈ခုနှစ်အရေးအခင်းပြီးနောက်ပိုင်းမှာ တေးရေး၊တေးဆို ထူးအိမ်သင်တောခိုချိန်ကရေးသားခဲ့တာဖြစ်ပြီး အဆိုတော် မွန်းအောင်က ပြည်ပမှာအသံသွင်းသီဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် စစ်အုပ်စုဘက်ကတော့ အဲ့ဒီ"စစ်သားသွေးနီ.. ရှေ့သိုချီ" တပ်မတော်စစ်ချီတေးသီချင်းဟာ ၁၉၆၀ ခုနှစ်လောက်က တေးရေး ဇာနည်စစ်သွေးကရေးဖွဲခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး အဆိုတော်မွန်းအောင်က “အရေးကြီးပြီ “သီချင်းဟာ ၁၉၆၀-လောက်က ထုတ်ခဲ့တဲ့ စစ်သွေးဇာနည်ရဲ့ မူရင်းသီချင်း ဆိုရင်ဓာတ်ပြားဟောင်းလေး စစ်စစ်မှန်မှန် နားဆင်ပါရစေ။
စစ်တပ်နဲ့ သူတို့အလိုတော်ရိတွေဟာ ကိုယ်တိုင်လူထုကြိုက်မယ့် အနုပညာကို အသစ်မဖန်တီးတတ်တဲ့အခါ စစ်တပ်ဟာ ပြည်သူတွေ ကြိုက်နှစ်သက်တဲ့ သီချင်းကို ဇာတ်လမ်း အတု ဆင်ပြီး ပြည်သူနဲ့ သူ့တပ်ကို လှည့်ဖြားဖို့ ကြိုးစားတာပါဘဲ။
ကိုထူးအိမ်သင်ရဲ့လက်ရာကို ခိုးယူပြီး သူတို့စိတ်ကြိုက် စာသားတွေ ညှပ်၊ ပြောင်းလဲပြီး အမြတ်ထုတ်လိုက်တာပဲ"လို့ သူ့ရဲ့လူမှုကွန်ရက် facebookပေါ်မှာ ဒီနေ့ မေ ၂၅ရက်က ရေးသားလာပါတယ်။
ပြီးတော့ "ကိုထူးအိမ်သင်ရေ- ခင်ဗျားရဲ့အနုပညာဟာ ဘယ်လောက်ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံး အမြတ်ထုတ်ရပါသတဲ့။ ခင်ဗျားကိုယ်တိုင် ကျနော့်ဘေးမှာ ရေးသွားခဲ့တာ။ ကျနော်အသက်ရှိနေသမျှ ခင်ဗျားရဲ့ အနုပညာကို ကာကွယ်ပါ့မယ်။ သေသွားရင်လည်း ကျနော့်စကားတွေဟာ မှန်ကန်ကြောင်း နှောင်းလူတွေ စစ်ဆေး စမ်းသပ်နိုင်ပါလိမ့်မယ်"လို့ အဆိုတော်မွန်းအောင်ကပြောထားပါတယ်။
အဲ့ဒီသီချင်းကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDPနဲ့စစ်အုပ်စုက ဝါဒဖြန့်သီချင်းအဖြစ်စာသားပြင်ဆင်ပြီး လုပ်ကြံဖန်တီးခဲ့ကြသေးတယ်လို့ အဆိုတော်မွန်းအောင်က ပြောထားပါတယ်။




Comments