စစ်ရိပ်သမ်းနေတဲ့ ဧရာဝတီတိုင်းကို စစ်ခေါင်းဆောင်တွေ စည်းရုံးရေးသွားရောက်
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၈ ၊ ၂၀၂၄

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ဂွမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ဂွမြို့နယ်နဲ့ ငါးသိုင်းချောင်းကို ဆက်သွယ်ထားတဲ့လမ်းတစ်လျှောက်မှာလည်း တိုက်ပွဲဖြစ်ပွားမှုရှိနေချိန် ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်အချို့ ပုသိမ်မြို့ကို သွားရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့အပြင် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ ပုသိမ်မြို့ကို မနေ့က ဒီဇင်ဘာ ၂၇ ရက် နေ့လည်ပိုင်းမှာသွားရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း တက်ရောက်နေသူတွေကို စစ်ခေါင်းဆောင်တွေက တွေ့ဆုံခဲ့ပြီး နိုင်ငံတော်နဲ့ စစ်တပ်အပေါ် သစ္စာစောင့်သိဖို့နဲ့ ရဲဘော်ရဲဘက်တွေအပေါ် သစ္စာစောင့်သိဖို့ကိုလည်း စစ်ကောင်စီ ဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ဘက်ဆိုင်ရာ ဆေးရုံနဲ့ စစ်တပ်နယ်မြေတွေအတွင်းမှာရှိတဲ့ ရဲမေတွေနဲ့ မိသားစုတွေကိုလည်း လိုက်လံတွေ့ဆုံခဲ့တယ်လို့လည်း စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့သိမ်းတိုက်ပွဲကို AA တပ်တော်က အပြီးသတ်တိုက်ပွဲဖော်ဆောင်နေချိန် ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာပြီး နယ်မြေဒေသ လုံခြုံရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်း အမှတ် ၅၆၂ ခြေမြန်တပ်ရင်းစခန်းကို AA တပ်တော်က အပြီးသတ်ထိုးစစ်ဆင်မှုတွေ လုပ်နေချိန် စစ်ကောင်စီကလည်း ဂွမြို့နယ် လက်မလွှတ်ရစေရေးအတွက် လေကြောင်းနဲ့ ရေတပ်ကပါ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်နေတာတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကလည်း ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ခမရ ၅၆၃ တပ်ရင်းစခန်းကို AA တပ်တော်က သိမ်းယူထားနိုင်ခဲ့ပါတယ်။
မနေ့က ဒီဇင်ဘာ ၂၇ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ခံ တိုင်းစစ်ဌာန (ဧရာဝတီတိုင်း) အမှတ် ၂၉ ဗျူဟာ (AYA PDF - ဧရာဝတီ PDF) ကလည်း စစ်ရေးဖော်ဆောင်မှုအခြေအနေကို ထုတ်ပြန်ခဲ့ပြီး AYA PDF တပ်ဖွဲ့ဝင်တွေဟာ တိုက်ရည်ခိုက်ရည် အတွေ့အကြုံ ရရှိထားပြီးဖြစ်တဲ့အဖွဲ့တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။




Comments