စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ ရုရှားနဲ့ မြန်မာစစ်အုပ်စုကို ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဖို့ JFM တောင်းဆို
- BVJ

- Mar 4, 2025
- 1 min read
BVJ/အိုင်းရစ် _ မတ် ၄ ၊ ၂၀၂၅

မြန်မာ စစ်ကောင်စီနဲ့ ရုရှားတို့ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ ရုရှား၊ မြန်မာစစ်အုပ်စု တာဝန်ရှိသူတွေကို ထပ်တိုးအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်ဖို့ Justice For Myanmar (JFM) က တောင်းဆိုထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုမြို့ကို မနေ့ မတ်လ ၃ ရက်မှာ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး၊ လုံခြုံရေးနဲ့ စွမ်းအင်ဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့လည်း ရှိနေပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာစစ်အုပ်စုအတွက် အဓိကလက်နက်တင်သွင်းသူအဖြစ်ရှိနေပြီး စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်ကျူးလွန်နေမှုတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေသလို မြန်မာစစ်အုပ်စုအတွက် စစ်ဘက်၊ အရပ်ဘက်နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကိုလည်း ထောက်ကူပေးနေတာတွေလည်း ရှိနေပါတယ်။ ရုရှားရဲ့ မြန်မာစစ်အုပ်ကို ထောက်ပံ့ပေးနေမှုဟာ စစ်ရာဇဝတ်ကျူးလွန်နေမှုတွေကို လောင်စာမီးထိုးပေးသလိုဖြစ်နေတယ်လို့လည်း JFM က ဆိုပါတယ်။
လက်ရှိမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားသလို စစ်ခေါင်းဆောင် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံး (ICC) ရှေ့နေကလည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတင်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်နဲ့ ခရိုနီအချို့ကိုလည်း ဥရောပနဲ့ အနောက်နိုင်ငံတွေက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါသေးတယ်။
စစ်ကောင်စီရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုလည်း ယူကရိန်းကျူးကျော်စစ်အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ICC က ဖမ်းဝရမ်းထားသလို ဥရောပနဲ့ အနောက်နိုင်ငံတို့ကလည်း စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားပါတယ်။




Comments