စစ်ရေးစွမ်းရည်ပြည့်ဝတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ရပ် တည်ဆောက်နိုင်ပြီလို့ NUG ဝန်ကြီးချုပ် ပြော
- BVJ
- May 5
- 1 min read
BVJ/အိုင်းရစ် _ မေ ၅ ၊ ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟာ လေးနှစ်အတွင်းမှာ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်ပြည့်မီတဲ့ တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်လာနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ မေလ ၅ ရက်မှာ ပြောကြားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မေလ ၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာကြောင့် ဒီနေ့ မေလ ၄ ရက်မှာ PDF တပ်မတော် တည်ထောင်ခြင်း လေ’နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဟာ လေးနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ခြုံငုံပြီး စစ်ဆင်ရေးနယ်မြေတွေကို ဖွဲ့စည်းဆောင်ရွက်ထားနိုင်ပြီးဖြစ်သလို စနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်သူ့တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်နေတာကိုလည်း တွေ့ရတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလာတာပါ။
ပြည်သူတွေကို ထောက်ခံအားပေးမှုနဲ့အတူ PDF တပ်ဖွဲ့ဟာ မဟာမိတ်တပ်ဖွဲ့နဲ့ပူးပေါင်းပြီး အင်အားတောင့်တင်းတဲ့ စစ်ကောင်စီစစ်တပ်ကို ဖိအားပေးတိုက်ခိုက်နိုင်ခဲ့ပြီး အောင်ပွဲတွေရရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် PDF ရဲဘော်တွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေ၊ စွန့်လွှတ်ပေးဆပ်မှုတွေ၊ ရောင့်ရဲတင်းတိမ်နိုင်မှုတွေ၊ အနစ်နာခံမှုတွေဟာ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းမှတ်တမ်းတွေပဲဖြစ်တယ်လို့လည်း ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းနဲ့ အခြေစိုက်တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် နိုင်ငံတစ်ဝန်း မြို့ပေါင်း ၉၅ မြို့အထိကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီအတွက် အရေးပါတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တို့ကိုလည်း တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ခဲ့ပါတယ်။
Comentarios