စစ်ရှောင်တွေကိုကူညီမယ့် အကယ်ဒမီရုပ်ကမ်ပိန်းကနေ သတ်မှတ်ပမာဏထက် သုံးဆနီးပါး ပိုရ
- BVJ

- Feb 25, 2025
- 1 min read
BVJ/ဇော်_ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅

စစ်ဘေးရှောင်တွေအတွက်ရည်ရွယ်ပြီး ကမ်ပိန်းပြုလုပ်ခဲ့တဲ့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်ကမ်ပိန်းပြီးဆုံးချိန်မှာ အမေရိကန်ဒေါ်လာ (၂၈၇,၂၂၆)ရရှိခဲ့ပါတယ်။
ဒါဟာ သတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်ပြီး (၂၆၅%) ထိ ကောက်ခံရရှိခဲ့တာဖြစ်တယ်လို့ Artists' Shelterကနေ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက စစ်ဘေးရှောင်ဒေသတွေနဲ့ အခြားလိုအပ်လျက်ရှိတဲ့နေရာတွေကို ပေးပို့ကူညီဖို့အတွက်ဆိုပြီး အခုလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ပိုင်ဖြိုးသုရရှိခဲ့တဲ့ အကယ်ဒမီရုပ်ကိုမဲပေါက်တဲ့ပေးအပ်မယ့်ကမ်ပိန်းကို ရက် (၂၀)ကြာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ဒီပမာဏက ကမ်ပိန်းမစခင် သုသုတို့ အားလုံးတိုင်ပင်ပြီး သတ်မှတ်ထားကြတာထက် သုံးဆနီးပါး ပိုများပါတယ်။ ဒီအတွက် ပါဝင်ကြသူ အားလုံးရဲ့ မေတ္တာတရားကို နင့်နင့်နဲနဲ ခံစားရသလို… တော်လှန်ရေးကာလ လေးနှစ်ကျော်လာတဲ့အထိ မဆုတ်မနှစ်အားထုတ်ပါဝင်နေကြတဲ့ သုသုချစ်တဲ့ ညီအကိုမောင်နှမ မိတ်ဆွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်”လို့ ပိုင်ဖြိုးသုက ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောထားပါတယ်။
ကမ္ဘာအနှံ့က Fundraising အဖွဲ့ (၅၅) ဖွဲ့က အလှူခံကောက်ခံပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေကပါဝင်လှူဒါန်းခဲ့ကြပြီး အကယ်ဒမီရုပ်တုကိုတော့ ဂျပန်နိုင်ငံက ကယန်းတိုင်းရင်းသားတစ်ဦးက မဲပေါက်သွားပါတယ်။
ရုပ်ရှင်သရုပ်ဆောင်ပိုင်ဖြိုးသုက ၂၀၁၇ ခုနှစ်မှာ သရဲမ ဘီလူးမနှင့်မိန်းမပျို ဇာတ်ကားနဲ့ ဇာတ်ပို့ဆုရရှိခဲ့တဲ့ အကယ်ဒမီရုပ်အပါအဝင် ပိုင်ဖြိုးသုလက်မှတ်ပါတဲ့ ရွှေဆွဲကြိုးတစ်ကုံး၊ ပိုင်ဖြိုးသုအမှတ်တရ တွယ်ချိတ်နားကပ် သုံးစုံတို့ကို မနေ့က ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းမှာ ပိုင်ရှင်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့တာပါ။




Comments