စစ်တပ်က နိုင်ငံရေးလုပ်နေတာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော
- BVJ
- Apr 24
- 1 min read
ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ပအိုဝ်းခေါင်းဆောင်တွေကို စစ်ကောင်စီ ပြော
BVJ/ထက်အောင် _ ဧပြီ ၁၂ ၊ ၂၀၂၅

ငလျင်ဘေးဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေတာဟာ မိမိတို့အနေနဲ့ နိုင်ငံရေးလုပ်နေတာမဟုတ်ဘူးလို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မနေ့ ဧပြီ ၁၁ ရက်မှာ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ရောက်ရှိချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာမှာ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်နဲ့ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက်ဖို့ကိုလည်း ပြောဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိအချိန်မှာ ကာကွယ်ရေးဦးစီးချုပ်ရာထူးအပြင် ဝန်ကြီးချုပ်၊ ယာယီသမ္မတရာထူးတို့ကိုပါ ပူးတွဲယူထားပြီး ရွေးကောက်ပွဲပြုလုပ်ပြီးပါက သမ္မတရာထူး ရယူဖို့ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာလည်း ရှိနေပါတယ်။
ဧပြီ ၁၀ ရက်ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း ငလျင်ဘေးသင့်ဒေသတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ကိုလည်း သွားရောက်ခဲ့ပြီး ပအိုဝ်းဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးနဲ့လည်း တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ပအိုဝ်းခေါင်းဆောင် တာဝန်ရှိသူတွေကို ပြောဆိုခဲ့ပါသေးတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ကလောနဲ့ အောင်ပန်းမြို့တို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ကြည့်ရှုချိန် လုံခြုံရေးတင်းကြပ်ထားတယ်လို့လည်း သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့မိသားစုနဲ့အတူ တောင်ကြီးမြို့ကိုသွားရောက်ခဲ့ပြီး ရွှေဘုန်းပွင့်စေတီမှာ ထီးတော်တင်ပွဲအခမ်းအနားကို လုပ်ဆောင်ခဲ့ပါသေးတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဘေး ကြုံတွေ့ခဲ့ရတဲ့ဒေသတွေမှာ ပြည်သူ ၃၆၀၀ ကျော်သေဆုံးခဲ့ပြီး ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပျောက်ဆုံးနေသူ ၁၅၀ နီးပါးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ငလျင်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် တစ်ဦးကို ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။
Comments