စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေအများဆုံးရှာပေးနေတဲ့ MOGE ကို ဆွစ်ဇာလန် ပိတ်ဆို့အရေးယူ
- BVJ

- Mar 19, 2025
- 1 min read
BVJ/ထက်အောင် _ မတ် ၁၂ ၊ ၂၀၂၅

စစ်ကောင်စီ ထိန်းချုပ်ထားပြီး နိုင်ငံခြားငွေအများဆုံးရရှိတဲ့ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုလုပ်ဆောင်ခဲ့တယ်လို့ မနေ့ မတ် ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေအများဆုံးရှာပေးနေတဲ့ MOGE ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု လုပ်ဆောင်လိုက်တာကို ကြိုဆိုကြောင်း Justice for Myanmar (JFM) နဲ့ The Sentry တို့ကလည်း ထုတ်ပြန်ထားပါသေးတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုလုပ်ဆောင်ခဲ့တာဟာ စစ်ကောင်စီ ဝင်ငွေရလမ်းတစ်ခုကို ပိတ်ဆို့နိုင်ခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း MOGE ကရတဲ့ဝင်ငွေတွေနဲ့ မြန်မာပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်ကျူးလွန်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း JFM က ပြောပါတယ်။
စစ်ကောင်စီအပေါ် ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများတွင် ဥရောပသမဂ္ဂ (EU) ၊ ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့က ကုန်သွယ်မှုပိတ်ပင်ရေးဥပဒေကတဆင့် ချမှတ်ထားတဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကိုသာ အကောင်အထည်ဖော် လုပ်ဆောင်မှုတွေလည်း ရှိခဲ့ပါတယ်။
မြန်မာအာဏာသိမ်းစစ်တပ် (စစ်ကောင်စီ) ထိန်းချုပ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတစ်ခုကို ပိတ်ဆို့နိုင်ခဲ့တာဖြစ်ပြီး ဒီကရတဲ့အကျိုးအမြတ်တွေနဲ့ လက်နက်တွေဝယ်ယူကာ မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ The Sentry ရဲ့ တရားမဝင်ငွေကြေးဆိုင်ရာမူဝါဒ ဒါရိုက်တာ Oliver Windridge ကလည်း ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ ဘဏ်များတွင် MOGE က နိုင်ငံတကာငွေလွှဲမှုတွေကို အသုံးပြုနေတာဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အာမခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Infrassure ကလည်း တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် ထပ်ဆင့်အာမခံကုမ္ပဏီအဖြစ် ၂၀၂၁ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတာမျိုးရှိတယ်လို့လည်း JFM က ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ MOGE ကို ဥရောပသမဂ္ဂ (EU) က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေလုပ်ဆောင်ခဲ့သလို ၂၀၂၃ အောက်တိုဘာလအတွင်းကလည်း အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့လည်း MOGE အပါအဝင် စစ်ကောင်စီကို ထောက်ပံ့နေသူတွေနဲ့ တစ်သီးပုဂ္ဂလလုပ်ငန်း ၂၂ ခုကိုလည်း ပိတ်ဆို့အရေးယူခဲ့ပါသေးတယ်။




Comments