စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား ၃၆၉ ကျော်သာပါဝင်
- BVJ

- Apr 24, 2025
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၁၈ ၊ ၂၀၂၅

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာရှိနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၈၀၀ ကျော်ကို စစ်ကောင်စီက မနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်မှာ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပေမဲ့ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၃၆၉ ဦးသာပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
ဒီနေ့ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းအထိ PPNM က ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ကျဉ်း ၃၆၉ ဦးထဲမှာ အင်းစိန်ထောင်က ၂၀၀ ဦး၊ အိုးဘိုထောင်က ၁၀၀ ဦးနဲ့ ရမည်သင်းထောင်က ၁၅ ဦး အများဆုံးပါဝင်ခဲ့ပြီး တခြားအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းလွတ်မြောက်မှုဟာ ၁၀ ဦးနဲ့အောက်သာ ရှိခဲ့ပါတယ်။
စစ်ကောင်စီ လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ လွတ်ဖို့ရက်ပိုင်းလောက်သာ လိုတော့သူတွေဖြစ်ပြီး ၂၀၂၁ မတ်လ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ကိုဟံသာညိမ်းလည်း လွတ်ရက်စေ့ဖို့ ရက်ပိုင်းအလိုမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကျင်းပတဲ့ အကယ်ဒမီပေးပွဲကို ဝေဖန်ခဲ့တဲ့ ဒါရိုက်တာစတီး (ဒွေးမေတ္တာ) ၂၀၂၃ မတ်လ ၂၈ ရက်က ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်အကြာမှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
“စစ်ကောင်စီက လွတ်ရက်နီးတဲ့သူတွေကို လွတ်ငြိမ်းပေးတယ်။ ဒီလိုပေးခြင်းအားဖြင့် လွတ်ရက်နီးတဲ့သူတွေက မကြာခင်ရက်ပိုင်းအတွင်းမှာ လွတ်တော့မယ့်သူတွေက လွတ်လွတ်လပ်လပ် လွတ်ခွင့်မရတော့ဘဲနဲ့ ၄၀၁ ဆိုတဲ့ နောက်တစ်ကြိမ်ထပ်မံဖြစ်ပေါ်ပါကဆိုတဲ့ ဒီစာရွက်မှာ လက်မှတ်ထိုးပြီးမှ ထွက်ရတယ်။ အဲအခါကျတော့ နောက် ၃ ရက်လောက်နေရင် လွတ်တော့မယ်သူက အခု ၄၀၁ ထိုးထားတာဖြစ်တဲ့အတွက် အစစအရာရာ သတိထားနေထိုင်ရတယ်၊ ရဲစခန်းတွေကို အသိပေးရတာတွေရှိတယ်။ ဒါက နိုင်ငံရေးအမြတ်ထုတ်တာပါပဲ” လို့ PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးကလည်း Burma VJ ကို ပြောပါတယ်။
လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ကျန်ရှိပြစ်ဒဏ် ၆ ပုံ ၁ ပုံကိုသာ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြစ်မှုထပ်မံကျူးလွန်ပါက ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ အရင်ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ ထပ်ပေါင်းကျခံရမယ်လို့ လွတ်မြောက်လာသူတွေကို စစ်ကောင်စီက ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်ကောင်စီ မတရားပုဒ်မတွေနဲ့ တရားစွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခွဲမှုဥပဒေအရ ပြစ်မှုတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတို့နဲ့ အဓမ္မ ဖမ်းဆီးခံထားရသူတွေကိုတော့ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် မပေးခဲ့ပါဘူး။










Comments