စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကို တရုတ်က ကူညီနေတယ်လို့ SAC-M ပြော
- BVJ

- May 17, 2025
- 1 min read
BVJ/အိုင်းရစ် _ မေ ၁၇ ၊ ၂၀၂၅

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တရုတ်နိုင်ငံက ထောက်ပံ့အကူအညီပေးမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်လာပါတယ်။
အခု မေလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ စစ်အုပ်ရဲ့ ရက်စက်ကြမ်းကြတ်မှုတွေကို ချက်ချင်းရပ်တန့်စေဖို့အတွက် မြန်မာစစ်အုပ်စုအပေါ် ဩဇာအာဏာ လွှမ်းမိုးနိုင်တဲ့ တရုတ်နိုင်ငံက တားဆီးပေးဖို့ကိုလည်း SAC-M က တောင်းဆိုထားပါတယ်။
ကိုးကန့်တပ်မတော် (MNAA) ကို တရုတ်အစိုးရ နည်းလမ်းမျိုးစုံနဲ့ အကြိမ်ကြိမ်ဖိအားပေးခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို MNDAA က စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရသလို တရုတ်အထူးကိုယ်စားလှယ်ရုံးကိုလည်း လားရှိုးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
အခြားနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်ဆောင်ဘူးလို့ တရုတ်အစိုးရက အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမဲ့ သူ့အကျိုးစီးပွားအတွက် စစ်ကောင်စီကို ထောက်ပံ့ကူညီပေးမှုတွေ၊ ကြားဝင်စွက်ဖက်မှုတွေလည်း လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။
တရုတ်အစိုးရရဲ့ အကူအညီနဲ့ လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီး တစ်လမပြည့်ခင်မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာက စာသင်ကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ကလေး ၂၂ ဦးအပါအဝင် ဆရာမ ၂ ဦး သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်ဟာ တရုတ်အစိုးရရဲ့ နောက်ကွယ်က ထောက်ပံ့ပေးမှုတွေကြောင့် ဖြစ်တယ်လို့လည်း SAC-M က ဆိုပါတယ်။
မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေအပေါ် တရုတ်အစိုးရရဲ့ သဘောထားကို ပိုမိရှင်းရှင်းလင်းလင်း ဖော်ပြနေပြီး တရုတ်နိုင်ငံရဲ့ မဟာဗျူကျအကျိုးစီးပွားတွေရရှိရေးအတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ဖို့ ဝန်မလေးကြောင်းပြသတာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုတ်ရဲ့အကျိုးစီးပွားအောင်မြ်ငဖို့အတွက် မြန်မာစစ်အုပ်စုကို သူ့ရဲ့တဆင့်ခံ ကန်ထရိုက်ယူထားတဲ့ ကြေးစားတပ်ဖွဲ့ပုံစံ အသုံးချနိုင်တဲ့အတိုင်းအတာအထိ ရှိနေတယ်လို့လည်း SAC-M ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မြန်မာစစ်အုပ်စုကို တရုတ်အစိုးရက နိုင်ငံရေး၊ စစ်ရေးအကူအညီတွေ ဆက်လက်ပေးနေပြီး တိုက်လေယာဉ်တွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဗုံးလက်နက်ခဲယမ်းတွေကို ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံတွေမှာ စစ်ဘက်ဆိုင်ရာလက်နက်တွေ ပိုမိုထုတ်လုပ်နိုင်ဖို့အတွက် တရုတ်အစိုးရက အဓိကကျတဲ့နည်းလမ်းတွေနဲ့ အကူအညီပေးနေတာမျိုးရှိနေတယ်လို့ SAC-M က သူ့ရဲ့စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လေးနှစ်ကျော်ကြာလာတဲ့ မြန်မာစစ်ရေးပဋိပက္ခမှာ စစ်ကောင်စီက စစ်ရေးအင်အားချည့်နဲ့မှုတွေရှိလာချိန် တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ အထောက်အပံ့အပေါ် လုံးဝမှီခိုနေရတာကြောင့် မြန်မာစစ်အုပ်စုအပေါ် ဩဇာအာဏာ လွှမ်းမိုးနိုင်တဲ့ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့ ပြောဆိုသင့်တယ်လို့ SAC-M က တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။












Comments