စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ သပိတ်ကျင်း၊ မတ္တရာနဲ့ စဉ့်ကူးတို့မှာ အရပ်သားပြည်သူ ၄၀ ကျော် သေဆုံး
- BVJ
- Apr 24
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၂၀ ၊ ၂၀၂၅

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို စစ်ကောင်စီက ဧပြီ ၁၉ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့လည်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဧပြီ ၁၉ ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ရေထွက်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက အများပြည်သူသွားရာ လမ်းမပေါ်မှာကို ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူအရေအတွက် ထပ်မံအတည်ပြုနိုင်ဖို့ သပိတ်ကျင်း ပကဖနဲ့ MDY PDF တို့ Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အခု ဧပြီလအတွင်းမှာလည်း သပိတ်ကျင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄၁ ဦး သေဆုံးခဲ့ပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှီခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) က ဧပြီ ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဒေသခံနေအိမ်နဲ့ ဈေးတွေကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။
MDY PDF ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ကို အခုလအတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၁၃ ကြိမ်အထိ အများဆုံးလုပ်ဆောင်ခဲ့ပြီး စဉ့်ကူးမြို့နယ်ကို ၄ ကြိမ်၊ မတ္တရာမြို့နယ်ကို ၁ ကြိမ် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ငလျင်ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂ ရက်မှာ ထုတ်ပြန်ထားပေမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်းမှာပါ နေ့စဉ်နီးပါး လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ သေဆုံးခဲ့မှုအပေါ် အယ်လ်ဂျားဇီးယားသတင်းဌာနက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းခဲ့ချိန် “သူတို့က အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အုပ်စုရဲ့ အစိတ်ပိုင်းဖြစ်နေလို့ပါ။ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဟုတ်တယ်။ တိုက်ခိုက်မှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေက ရှောင်လွှဲလို့မရဘူး” လို့ ဖြေကြားထားပါတယ်။
Σχόλια