စစ်ကောင်စီနဲ့ TNLA ဆွေးနွေးပျက်ပြားချိန် မိုးကုတ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်
- BVJ
- May 3
- 1 min read
BVJ/ဇော် - မေ ၃ ၊ ၂၀၂၅

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ တအောင်းတပ်မတော် (TNLA) က ဒီနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဒီနေ့ မတ်လ ၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ကသဲရပ်ကွက် အနောက်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်ပျက်စီးခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ မေလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ကလည်း မိုးကုတ်မြို့ကို ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အုတ်ပြင်ရပ်ကွက်မှာရှိတဲ့ ဓမ္မာရုံနဲ့ ဒေသခံနေအိမ် (၆) လုံးပျက်စီးခဲ့သလို ဧပြီ ၃၀ ရက်နေ့မှာလည်း မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ကျေးရွာကြားကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် (၂၅၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ နဲ့ ၂၉ ရက်မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့အဖွဲ့နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAက ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြပေမဲ့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို TNLA က လက်မခံတာကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါတယ်။
စစ်ကောင်စီတပ်က PSLF/TNLA အုပ်ချုပ်နယ်မြေတွေကို စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာတွေ၊ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
Comments