စစ်ကောင်စီ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူခုနစ်ဦး သေဆုံးကာ ဟိန္ဒူဘုရားကျောင်း ပျက်စီး
- Zayar Oo
- Jan 2, 2025
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂ ၊ ၂၀၂၅

ပဲခူးတိုင်း ဖြူးမြို့နယ် ဇေယျဝတီမြို့ ရမ်းနဂါးရွာလမ်းဆုံမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ဘုရားကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်က စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ အမဲခေါင်ကျေးရွာအုပ်စု ရမ်းနဂါးရွာ လမ်းဆုံဖြစ်ပြီး ဈေးရောင်းဈေးဝယ်ပြုလုပ်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဟိန္ဒူဘုရားကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဟိန္ဒူသမဂ္ဂနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီကလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

ရမ်းနဂါးရွာကို လမ်းဆုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ပထမအကြိမ် လုပ်ဆောင်ချိန် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်နေချိန် နောက်ထပ် ဗုံးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ သေဆုံးသူများထဲတွင် Niyarlit (၄၅ နှစ်)၊ Sunil (၃၅ နှစ်)၊ Devdutt (၅၅ နှစ်)၊ Nan Kumar (၄၅ နှစ်)၊ Gauthinder (၃၂ နှစ်)၊ Chhotelal (၃၅ နှစ်) နဲ့ Zaw Myo Oo (၄၄ နှစ်) တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦး ရှိခဲ့ပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူတွေ သွားလာရာနေရာနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကန့်ကွက်ရှုတ်ချဖို့ မြန်မာနိုင်ငံ ဟိန္ဒူသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။




Comments