စစ်ကောင်စီကို အာဆီယံနိုင်ငံတွေကကူညီထောက်ပံ့နေဟု JFM ထုတ်ပြန်
- BVJ

- Jan 31, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅

စစ်ကောင်စီကို အကျိုးအမြတ်ရစေမယ့် စီးပွားရေးလုပ်ငန်းတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတို့က ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပြီး ကျန်အာဆီယံနိုင်ငံတွေကလည်း စစ်ကောင်စီကို နိုင်ငံရေးအရတရားဝင်မှုပေးဖို့ အကြိမ်ကြိမ် ကြိုးစားလုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ Justice For Myanmar က ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံပိုင် ရေနံစီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ PTT Exploration and Production Public Company Limited (PTTEP) ဟာ မြန်မာနိုင်ငံတွင်းက ရတနာနဲ့ ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းတွေကို စစ်ကောင်စီနဲ့ ဆက်လက်လုပ်ကိုင်နေသလို စီမံကိန်းတွေကနေ ရရှိတဲ့အကျိုးအမြတ်တွေကိုလည်း စစ်ကောင်စီထံ ဘဏ္ဍာငွေစီးဝင်နေမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကလည်း စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ မိတ်ဖက် Mytel ရဲ့ နောက်ခံကုမ္ပဏီ Telecom International Myanmar မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ရှယ်ယာအများစု ပိုင်ဆိုင်ထားတဲ့ Mytel ဟာ လာမယ့်နှစ်တွေအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ အထိ ဝင်ငွေရရှိနိုင်တယ်လို့ JFM က ၂၀၂၂ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါသေးတယ်။
ပြည်သူတွေအပေါ် လေကြောင်းကနေတဆင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တတိယအကြီးဆုံး ထောက်ပံ့ပေးနေတဲ့ စင်ကာပူ အခြေစိုက်ကုမ္ပဏီတွေထဲက Interra Resource ကုမ္ပဏီဟာ စစ်ကောင်စီကို ရေနံအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုး ထောက်ပံ့ပေးနေပြီး စစ်အုပ်စု ကျူးလွန်နေမှုတွေကို ရေနံနဲ့ အားဖြည့်ပေးနေတယ်လို့ JFM က အခုလ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင် မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူးနိုင်း စတဲ့ အာဆီယံနိုင်ငံတွေကလည်း စစ်အုပ်စုနဲ့ အကျိုးတူ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး စစ်ကောင်စီအပါအဝင် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေကနေတဆင့် လုပ်ငန်းတိုးချဲ့ မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အာဆီယံအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရပ်တန့်ဖို့ လိုအပ်ပြီး စစ်ရေး၊ နည်းပညာ၊ ဘဏ္ဍာရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ အကူအညီပေးမှု၊ လေယာဉ်ဆီ တဆင့်ခံ ရောင်းချမှုတွေကိုလည်း ရပ်တန့်ဖို့ လိုအပ်တယ်လို့ JFM က တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ မူဝါဒဖြစ်တဲ့ “ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကို ဦးတည်သည့် တန်ဖိုးများပိုမိုခိုင်မာစေရေး” ဆိုတဲ့ ကတိကဝတ်တွေကို လုပ်ဆောင်ဖို့ ပျက်ကွက်နေပြီး လူသားမျိုးနွယ်ပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပတ်သက်မှုကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ JFM ကဖော်ပြပါတယ်။




Comments