ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တတ်နိုင်သလောက်လုပ်ဆောင်နေကြောင်း ယူကေဝန်ကြီးချုပ်ကပြန်စာထဲမှာဖော်ပြ
- BVJ

- 3 days ago
- 1 min read
သူရ/BVJ_ သြဂုတ် ၂၁၊ ၂၀၂၆

အခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တုန်းက လန်ဒန်မြို့ရှိ၊ အမှတ် (၁၀)ဒေါင်းနင်းလမ်းမှာ "Free Daw Aung San Suu Kyi" အဖွဲ့ကလူကိုယ်တိုင်သွားရောက်ပေးပို့ခဲ့တဲ့စာနဲ့ပတ်သက်ပြီး ယူကေဝန်ကြီးချုပ်သစ်က သြဂုတ်လ ၁၉ ရက်စွဲနဲ့ပြန်ကြားစာပို့ပေးခဲ့ပါတယ်။
ဒီစာကို ယူကေနိုင်ငံရှိ (Myanmar Diaspora in the United Kingdom) ယူကေနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေဆီလိပ်မူထားတာဖြစ်ပြီး၊ ယူကေဝန်ကြီးချုပ်သစ် Andy Burnhamက အင်ဒို-ပစိဖိတ်ရေး ရာဝန်ကြီး Rosalie Winterton ကနေတဆင့် စာပြန်ခိုင်းခဲ့တာဖြစ်ပါတယ်။
ယူကေဝန်ကြီးချုပ်ရဲ့ ဒီပြန်ကြားစာနဲ့ပတ်သက်ပြီး "Free Daw Aung San Suu Kyi" ကမ်ပိန်းရဲ့တာဝန်ရှိသူ ကိုမင်းဟိန်းက ယူကေအစိုးရရဲ့ ဆောင်ရွက်မှုတွေကိုကြိုဆိုကြောင်း၊ စာထဲမှာဖော်ပြထားတဲ့ အမေစုအသက်ရှင်နေကြောင်း အတည်ပြုချက်တစ်ခုတည်းနဲ့မလုံလောက်သေးဘဲ တွေ့ဆုံခွင့်ရဖို့ကြိုးစားနေတာတွေနဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိအမြန်လွှတ်ပေးဖို့တောင်းဆိုနေတာတွေကို ကြိုဆိုကြောင်း "Burma VJ"ကိုပြောပါတယ်။

သူတို့ ယူကေနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမယ်လို့ ကိုမင်းဟိန်းကဖြည့်စွက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်မှာမတရားဖမ်းဆီးခဲ့ချိန်ကစပြီး ယူကေအနေနဲ့ တိုက်ရိုက်သွားရောက်တွေ့ဆုံခွင့်မရရှိသေးကြောင်း၊ သံတမန်တစ်ဦး သွားရောက်တွေ့ဆုံဖို့ဆိုရင် မြန်မာစစ်အုပ်စုခေါင်းဆောင်တွေရဲ့ သဘောတူညီချက် လိုအပ်ကြောင်း၊ သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေရရှိနိုင်ဖို့ သံတမန်လမ်းကြောင်းတွေကနေ ဖိအားပေးနေကြောင်း ယူကေဝန်ကြီးချုပ်ရဲ့ပြန်ကြားစာမှာဖော်ပြထားပါတယ်။ ICRC ရဲ့ ဝင်ရောက်တွေ့ဆုံမှုဟာ အရေးကြီးတဲ့ပထမခြေလှမ်းတစ်ခုဖြစ်ပေမယ့် ပုံမှန်တွေ့ဆုံခွင့်ရရှိဖို့ အလွန်အရေးကြီးကြောင်း၊ ရန်ကုန်ရှိ ယူကေသံရုံးအကြီးအကဲလည်း မေလကတည်းက နေပြည်တော်အာဏာပိုင်တွေကိုသွားရောက်ပြောဆိုထားပြီးဖြစ်ကြောင်း ပါရှိပါတယ်။
ယူကေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုကိုဖိအားပေးနိုင်ဖို့ ကုလသမဂ္ဂမှာပါ အခန်းကဏ္ဍကိုအသုံးပြုနေကြောင်း၊ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ဒီမိုကရေစီအနာဂတ်ကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒအတွက် ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွေရပ်စဲရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဖြစ်ပေါ်လာရေးတို့အတွက် ဆက်လက်ဖိအားပေးသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊စစ်တပ်အာဏာသိမ်းချိန်ကစလို့ UKအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်မရသေးသလို၊ အကျဥ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း သူ့ရဲ့သားငယ် ကိုထိန်လင်းနဲ့အခုချိန်ထိ တိုက်ရိုက်ဆက်သွယ်ခွင့် မရရှိသေးပါဘူး။
ဓာတ်ပုံခရက်ဒစ်- Free Daw Aung San Suu Kyi ပေ့ချ်




Comments