စခန်းသိမ်းတိုက်ပွဲကပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံတွေ ဂုဏ်ပြုကြိုဆို
- Zayar Oo
- Dec 20, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၄

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုကို ဒေသခံပြည်သူတွေကို ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အမှတ် ၈ စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ တပ်သုံးတပ် ပေါင်းစုထားတဲ့ အမှတ် ၈ စစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဝင် ရဲဘော်တွေကို ပခုက္ကူမြို့နယ် ပေါက်ဒေသမှာ ကျေးရွာငါးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေ ကြိုဆိုခဲ့ကြတာပါ။
ရေလာလေးကျေးရွာ စခန်းသိမ်းတိုက်ပွဲကို အခုလ ၁၁ ရက်မှာ အမှတ် ၈ စစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ စစ်သုံ့ပန်း (၇)ဦးနဲ့အတူ လက်နက် (၁၈)လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၈)ဦးထက်မနည်း သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် (၂)ဦးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်။
တပ်သုံးတပ်ပေါင်းစုထားတဲ့ အမှတ် ၈ စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊ တော်လှန်ရေးအင်အားစုများ ညီညွတ်ပေါင်းစည်းလာရေး၊ လှုပ်ရှားစစ် အကောင်အထည်ဖော်ရေး၊ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး စတဲ့ အခြေခံမူဝါဒများအပေါ် အခြေခံပြီး တိုက်ပွဲဝင်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
















Comments