ရန်သူ့ဆီလက်နက်ချအညံ့ခံသွားတဲ့ ရဲဘော် ၃၅ယောက်ကို TRIဗျူဟာကြေညာ
- BVJ

- 1 day ago
- 1 min read
မိုနာ/BVJ_ဧပြီ ၂၇၊ ၂၀၂၆

စစ်အုပ်စုဆီမှာလက်နက်ချအညံ့ခံသွားတဲ့ ရဲဘော် ၃၅ယောက်ရဲ့ဓါတ်ပုံ၊အမည်တွေနဲ့နေရပ်လိပ်စာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ(ဗျူဟာ အမှတ် ၉၃)က ဒီနေ့ ဧပြီ ၂၇ရက်မှာထုတ်ပြန်ကြေညာလာပါတယ်။
“တပ်မှ ထုတ်ပယ်ခြင်းနှင့် အမည်ပျက်စာရင်းသွင်းခြင်း အသိပေးကြေညာချက်”ဆိုပြီး TRIဗျူဟာကကြေညာထားသူ ၃၅ယောက်ထဲမှာ အမျိုးသမီးရဲဘော် ၇ယောက်လည်းပါဝင်ပါတယ်။
“၎င်းတို့သည် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရဲဘော်ရဲဘက်များအား စွန့်ခွာကာထွက်ပြေးခြင်း၊တပ်ပိုင်ပစ္စည်းများအား ခိုးယူခြင်းနှင့် ငွေကြေးများအား အလွဲသုံးစားပြုလုပ်ခြင်း၊ ရန်သူ့ထံသို့ လက်နက်ချအညံ့ခံခြင်း၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ရန် ပွိုင့် (Location) များ ပေးပို့ခြင်းနှင့် အခြားရဲဘော်များအား ရန်သူထံလက်နက်ချ အညံ့ခံရန် မြူဆွယ်စည်းရုံးခြင်း စသည့် သစ္စာဖောက်မှုများကို လုပ်ဆောင်ခဲ့ကြသည်”လို့ TRIဗျူဟာကဖော်ပြပါတယ်။
လက်နက်ချပြီးစစ်အုပ်စုနဲ့ပူးပေါင်းသွားသူတွေထဲမှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ၂၅ယောက်ပါဝင်ပြီး ကျန်သူတွေကတော့ ချမ်းအေးသာစံ၊ကလေးဝ၊သပိတ်ကျင်း၊ပြည်ကြီးတံခွန်၊အမရပူရ၊ စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း၊ကွတ်ခိုင်မြို့ ဇာတိကသူတွေဖြစ်ကြပါတယ်။
မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကတော့”စဉ့်ကူးကိုစစ်တပ်က ပြန်ထိန်းပြီးနောက်ပိုင်းမှာ အဲ့ဘက်ကိုပါသွားကြတဲ့သူတွေများတယ်။ အခုအလင်းဝင်သွားကြသူတွေတော်တော်များများကလည်း စဉ့်ကူး၊သပိတ်ကျင်းတိုက်ပွဲတွေပြီးမှ ဝင်လာကြသူတွေလည်းပါပါတယ်။ အဓိက နယ်မြေစိုးမိုးရေးနဲ့လည်းဆိုင်ပါတယ်”လို့ Burma VJကိုပြောပါတယ်။
တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာထိန်းချုပ်စိုးမိုးခဲ့တဲ့ မန္တလေးတိုင်း၊စဉ့်ကူးမြို့ကို စစ်အုပ်စုဟာ ၂၀၂၅၊ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ပြန်လည်သိမ်းယူသွားခဲ့တာဖြစ်ပါတယ်။
အခုလက်နက်ချသွားတဲ့ ရဲဘော် ၃၅ယောက်ရဲ့ဓါတ်ပုံ၊နာမည်၊အဖေနာမည်နဲ့နေရပ်လိပ်စာတွေကို TRIဗျူဟာကအတိအကျ ဖော်ပြထားတာကြောင့်လည်း ဝေဖန်မှုတွေရှိနေပါတယ်။
သူတို့ ၃၅ယောက်ကိုလုပ်ထုံးလုပ်နည်းနဲ့အညီ တပ်ပြေးနဲ့သစ္စာဖောက်တွေအဖြစ် အမည်ပျက်စာရင်းသွင်းပြီးဖြစ်သလို သူတို့နဲ့ပတ်သက်တဲ့ဘယ်ကိစ္စမဆို တပ်ကတာဝန်ယူဖြေရှင်းမှာမဟုတ်ကြောင်းနဲ့ အပြစ်ပေးအရေးယူမှုတွေလည်းဆောင်ရွက်သွားမယ်လို့ TRIကထုတ်ပြန်ပါတယ်။
စစ်အုပ်စုကတော့ TRIဗျူဟာ၊TNLA၊MDY-PDFတို့အပါအဝင် မန္တလေးတိုင်းအတွင်းမှာလက်နက်ကိုင်လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အမျိုးသမီး ၄၇ ယောက်ပါဝင်တဲ့ စုစုပေါင်း ၅၁၇ယောက်ဟာ လက်နက်ချအလင်းဝင်လာတာကြောင့်လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီပြန်အပ်တဲ့အခမ်းအနားကို အခုလ ဧပြီ ၂၄ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပါသေးတယ်။
ဓါတ်ပုံ-အလင်းဝင်သွားသူရဲဘော်တွေကို TRIဗျူဟာကကြေညာထားပုံ




Comments