အညာမြေအပူချိန်နဲ့ သောက်သုံးရေအခက်အခဲ
- BVJ

- 1 day ago
- 1 min read
ရဂုံ/BVJ_ဧပြီ ၂၇၊ ၂၀၂၆

"ထမင်းအသက် ၇ ရက် ၊ ရေအသက် တစ်မနက်" ဆိုတဲ့ဆိုရိုးစကားရှိပါတယ်။
လူတစ်ယောက်အတွက်ရေဟာအလွန်အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတယ်ဆိုတာ မီးမောင်းထိုးပြထားတဲ့ဆိုရိုးစကားပါ။ အခုလိုပူပြင်းလှတဲ့နွေရာသီမှာ သောက်သုံးရေရှားပါးလေ့ရှိတဲ့ အညာဒေသကပြည်သူတွေအတွက်ရေလိုအပ်ချက်ကနေ့စဉ်မြင့်မားနေပြီး တဖက်မှာလည်း စား၊ဝတ်၊နေရေးအတွက်ရုန်းကန်နေရသလို လေကြောင်းအန္တရာယ်ကလည်းခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။
"သယ်ယူစရိတ်က ရေကားတစ်စီးကို တစ်သိန်း၈သောင်းပေးရတယ်။ လောင်စာဆီမြင့်တက်လာမှုက အညာဒေသမှာလည်းသက်ရောက်မှုက အတော်ကြီးပါတယ်"
ဒါကတော့ ပုခက္ကူ၊မြိုင်နယ်တကြောကပြည်သူတွေအတွက် သောက်သုံးရေကူညီပေးနေတဲ့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးပြောထားတာပါ။
စက်သုံးဆီဈေးနှုန်းဟာ တလီတာပေါက်စျေးဟာ ၁၂,၀၀၀ကျပ်ကနေ ၁၅,၀၀၀ကျပ်အထိရှိလာတာကြောင့် ဒေသခံတွေသွားလာရေးခက်ခဲပြီး သောက်သုံးရေသယ်ယူရရှိရေးအတွက်ပါ အခက်အခဲတွေရင်ဆိုင်ကြုံတွေ့လာရတာပါ။
အညာမှာ ဒီနှစ်နွေရာသီ ရာသီဥတုပိုပူပြင်းတာ၊ ပြီးခဲ့တဲ့နှစ်ကမိုးခေါင်တာကတစ်ကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့တာကတစ်ကြောင်း၊ မြေအောက်မှာရှိတဲ့ရေကြောတွေ ရေခမ်းခြောက်ကုန်တာကြောင့် ရေလိုအပ်မှုကလည်းအဆမတန်မြင့်တက်လာနေပါတယ်။
အညာမြေတပ်ပေါင်းစုက ဒီနှစ် မတ်လကစလို့ရေပေးဝေတာတွေလုပ်ဆောင်နေတာဖြစ်ပြီး ပျှမ်းမျှအားဖြင့် တစ်ရက်ကိုရေကား ၁၅စီးဝန်းကျင်လှူဒါန်းပေးနေပါတယ်။ အညာမြေတပ်ပေါင်းစုတခုထဲကလှူတာမဟုတ်ဘဲ ကျေးရွာတွေအတွင်းက ငွေကြေးတတ်နိုင်တဲ့ပြည်သူတွေ၊ ရပ်မိရပ်ဖ လူကြီးတွေကလည်း ထည့်ဝင်လှူဒါန်းတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်ရှောင်စခန်းတွေမှာဆိုရင်လည်း ရေရှားပါးတဲ့အတွက် မသန့်ရှင်းတဲ့ရေတွေ သောက်သုံးမိတာကြောင့် ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်တွေမှာယားနာလိုမျိုး အရေပြားရောဂါတွေဖြစ်ပွားနေကြပါတယ်။
"အညာဒေသအတွက်အခုလိုကာလမှာ ရေအပြင် လုံခြုံရေး ၊ စာတတ်မြောက်ရေး ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လေကြောင်းရန်ကင်းရှင်းစေရေး အဲ့တာတွေလိုအပ်တယ်" လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးပြောပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်း၊ ရွှေဘို၊ဝက်လက် နယ်တကြောဒေသတွေမှာဆိုရင်လည်း ရေရှားပါးတာကြောင့် နှစ်ရက်တစ်ကြိမ် ၊ သုံးရက်တစ်ကြိမ်သာ ရေချိုးရလေ့ရှိတယ်လို့သိရပါတယ်။
" ဒီဘက်က လေတော့တိုက်တယ်။ နေ့လယ်နေ့ခင်းဆို နေစရာနေရာမရှိဘူး။ သစ်ပင်အောက်တဲအောက်မှာ နေရတယ်။ ထမင်းဟင်းကလည်း မနက်ချက်ထား ညနေသိုးတယ်။ အဲ့ဒါကြောင့်စားခါနီးမှ ချက်ရတယ်။ ရေကတော့အတော်ရှားတယ်။သစ်ပင်တောင်မစိုက်ဖြစ်ဘူး။ ရေလောင်းဖို့အဆင်မပြေလို့ " လို့ ရွှေဘိုနယ်ကစစ်ရှောင်တစ်ဦးက BVJ ကိုပြောပြပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေးမြို့နယ်၊ မင်းကင်းမြို့နယ်၊ တမူးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မော်လိုက်မြို့နယ်၊ အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နဲ့မြင်းမူမြို့နယ်တွေမှာ သောက်သုံးရေလိုအပ်နေတာကြောင့် ဘုန်းကြီးကျောင်းတွေနဲ့ နေအိမ်ရပ်ကွက်တွေမှာ ရေသယ်ယာဉ်တွေနဲ့ သောက်သုံးရေလိုက်လံလှူဒါန်းနေရကြောင်းကိုလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားပါသေးတယ်။
၂၀၂၆၊ ဧပြီ ၄ရက်နေ့စာရင်းအရ ကမ္ဘာ့အပူဆုံးမြို့၁၅ မြို့မှာ မြန်မာနိုင်ငံက ၉ မြို့နဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာတွေ့ရပါတယ်။ အဲ့ဒီမြို့ ၉ခုထဲမှာ မကွေး ၊ ချောက် ၊ မုံရွာ ၊ ရွှေဘို ၊ မင်းဘူး ၊ မန္တလေး ၊ စစ်ကိုင်း ၊ တောင်ငူနဲ့ မိတ္ထီလာစတဲ့မြို့တွေပါဝင်လာတာပါ။မကွေးတိုင်း ၊ မင်းဘူးမြို့ဟာ မတ်လ ၃၁ ရက် နေ့က ကမ္ဘာ့အပူဆုံးမြို့အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။




Comments