စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို CDF Asho တပ်ဖွဲ့က ဖမ်းဆီးရမိ
- BVJ

- Feb 27, 2025
- 1 min read
BVJ/ဇော် _ ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၅

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF – Asho) က မနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းကားလမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နတ်ရေကန်တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက အခုနှစ်ဆန်းပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
AA နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ CDF Asho တပ်ဖွဲ့က နတ်ရေကန်တပ်စခန်းအနီးတဝိုက်ကို အခုလ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် နတ်ရေကန်တပ်စခန်း မြောက်ဘက် တစ်မိုင်ကျော်အကွာ တောတွင်းနေရာအသီးသီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
CDF Asho တပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့အတူ MA 1 (၁၃)လက်၊ MA -2 (၁)လက်၊ MA – 3 (၃)လက်၊ MA – 11 (၂)လက်၊ MA – 5 (၁) လက်၊ စုစုပေါင်း လက်နက်ငယ် (၂၀)လက်၊ လက်ပစ်မိုင်း (၁၈) လုံး၊ EY သီး (၁၂) လုံး၊ ကျည် (၄၀၀၀) ကျော် နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရပါတယ်။
မကွေးတိုင်းနဲ့ ထိစပ်လျက်ရှိတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကို AA တပ်တော်ကို သိမ်းယူထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက အမ်း-ပဒါန်းလမ်းကနေတဆင့် စစ်ကူအင်အား ပေးပို့မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။
အမ်း-ပဒါန်းလမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေချိန် နတ်ရေကန်ဒေသ အနီးတစ်ဝိုက်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင်ပူးပေါင်းဖို့ကိုလည်း ချင်းကာကွယ်ရေးတပ်-အရှိုက တိုက်တွန်းထုတ်ပြန်ထားပါသေးတယ်။








Comments