စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရကျောင်းသားတွေထဲက ၈နှစ်နဲ့ ၁၁နှစ် ကလေးနှစ်ဦး ထပ်မံသေဆုံး
- BVJ
- 10 hours ago
- 1 min read
သေဆုံးသူ ၂၄ ဦးအထိ ရှိလာ
BVJ/မိုနာ_ မေ ၁၄၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရကျောင်းသားကလေးတွေထဲက နောက်ထပ် ကလေးနှစ်ယောက် ထပ်မံသေဆုံးသွားတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မနက်မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အခုလ ၁၂ရက်မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအတွင်းက ကျောင်းသား၊ကျောင်းသူတွေနဲ့ စေတနာ့ဝန်ထမ်းဆရာမနှစ်ဦးအပါအဝင် စုစုပေါင်း ၂၂ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၂ဦးအထိ ရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲကနေ မနေ့က ၁၃ရက်ညပိုင်းမှာ Grade-2ကျောင်းသား မောင်အောင်ဇေယျ (၈)နှစ်ထပ်မံ သေဆုံးခဲ့သလို ဒီနေ့မနက်မှာလည်း Grade-3ကျောင်းသူ မပြည့်ပြည့်(၁၁ နှစ်) ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၂၄ယောက်အထိရှိလာတာဖြစ်ပါတယ်။
“လက်ရှိသေဆုံး update စာရင်းမှာ (၂၄) ဦးအထိရှိခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် တင်ပြအပ်ပါသည်။ နောက်ထပ် ဝမ်းနည်းစရာသတင်းများ ဆက်လက်မကြားရပါစေနဲ့ဟူ၍ ဆုတောင်းပါတယ်။ အားလုံးသော ကလေးငယ်များ အခြေအနေကောင်းမွန်ပြီး၊အမြန်ဆုံး သက်သာပျောက်ကင်းကြပါစေကြောင်း ဆုတောင်းပါတယ်ဗျာ”လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောထားပါတယ်။
ကျောင်းသားကလေးငယ်တွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ ထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံး (Cluster)ကိုအသုံးပြုခဲ့တာဖြစ်ပြီး မနက်ပိုင်းလေကြောင်းဗုံးကြဲအပြီး ညပိုင်းမှာလည်း စစ်ကောင်စီက ထပ်လာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီဗုံးကြဲတိုက်ခိုက်မှုကို ငြင်းဆိုထားပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာကို ဗုံးကြဲတိုက်ခိုက်တာမျိုး မလုပ်ဆောင်ဘူးလို့ဝါဒဖြန့်ထားပေမယ့် စစ်ကောင်စီကြဲချခဲ့တဲ့ ဗုံးနဲ့သက်သေတွေကို ဒေသခံတွေက ဖော်ပြထားကြပါတယ်။
Comments