ငလျင်လှုပ်တဲ့အချိန် ဘဏ်တံခါးပိတ်ချခဲ့တယ်ဆိုတဲ့စွပ်စွဲချက် ကမ္ဘောဇဘဏ် ငြင်းဆို
- BVJ
- Apr 18
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၆ ၊ ၂၀၂၅

အင်အားပြင်းငလျင်လှုပ်ခတ်ချိန်အတွင်း ပျော်ဘွယ် ကမ္ဘောဇဘဏ်တံခါးပိတ်ချခဲ့တာကြောင့် ဘဏ်ဝန်ထမ်းတွေအပါအဝင် Customer အချို့ သေဆုံးခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ငြင်းဆိုလိုက်ပါတယ်။
အထက်ပါကိစ္စနဲ့ပတ်သက်ပြီး Burma VJ ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဒီနေ့ ဧပြီ ၆ ရက်မှာ ကမ္ဘောဇဘဏ်သတင်းပြန်ကြားရေးဌာနက ပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်။
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် မြင်းဘတ်ရပ်ကွက် ဗန္ဓုလလမ်းပေါ်က ကမ္ဘောဇဘဏ်ပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံမီးသတ်နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့အပါအဝင် အောင်ပန်းပရဟိတကယ်ဆယ်ရေးအဖွဲ့၊ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ကမ္ဘောဇဘဏ်က ပြောပါတယ်။
ငလျင်လှုပ်ခတ်ချိန် ပျော်ဘွယ် ကမ္ဘောဘဏ်အတွင်းမှာရှိနေတဲ့ Customer တွေကို အပြင်ထွက်ခွင့်မပေးဘဲ ဘဏ်တံခါးပိတ်ချလိုက်တာကြာင့် ဝန်ထမ်းအပါအဝင် ဘဏ်ကို ငွေသွင်းငွေထုတ်ဖို့ လာရောက်တဲ့သူတွေပါ သေဆုံးခဲ့ရတယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောစကားကို ကိုးကားပြီး လူမှုကွန်ရက် Facebook နဲ့ သတင်းဌာနအချို့မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
ဘဏ်ပြိုကျမှုအတွင်း ဝန်ထမ်း ၉ ဦးနဲ့ Customer ၄ ဦးတို့သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သေဆုံးသူ ဘဏ်ဝန်ထမ်းနဲ့ Customer အပါအဝင် စုစုပေါင်း ၂၀ ဦးအထိ ရှိခဲ့တယ်လို့လည်း ပျော်ဘွယ်မီး သတ်တပ်ဖွဲ့က မနေ့ ဧပြီ ၅ ရက်မှာ ထပ်မံထုတ်ပြန်ထားပါတယ်။ (ကနဦး အသက်ရှင်သူ ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ Burma VJ ကို ဧပြီ ၄ ရက်မှာ ဖြေကြားထားပါသေးတယ်။)
ဘဏ်တံခါး ပိတ်ချခဲ့မှုရှိ မရှိအခြေအနေနဲ့ပတ်သက်ပြီး ဘဏ်ရှေ့မှာရှိနေတဲ့ ဒေသခံပြည်သူအချို့ ပျော်ဘွယ်မီးသတ်ဌာနက မေးမြန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ “ဘဏ်တံခါးပိတ်ဖို့နေနေသာသာ ဝင်ပေါက်ထွက်ပေါက်နေရာကို ဆလပ်ပြား ၃ ပြားထပ်ပြီးကို ပြိုကျသွားတာ။ ကမ္ဘောဇဘဏ်ရှေ့ တင်းနစ်ကွင်းမှာရှိတဲ့သူတွေကို မေးကြည့်တော့လည်း အဲသလိုလုပ်တာ မတွေ့ရဘူးလို့ ပြောတယ်။ အဲသလိုပိတ်တာတော့ မဟုတ်ဘူး”လို့ မီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
ပျော်ဘွယ်ကမ္ဘောဇဘဏ် ပြိုကျပိတ်မိနေမှုအတွင်း မတ်လ ၂၈ ရက် ညနေပိုင်းမှာ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ကိုသူရကျော်က သူ့အနေနဲ့ ပိတ်မိနေတဲ့နေရာက ပြန်လည်ထွက်လာနိုင်ချိန် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး ဆေးရုံမှာ ဆေးဝါး ကုသမှု ခံယူနိုင်ခဲ့တယ်လို့ Burma VJ ကို ပြောပါတယ်။
ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ဆောင်မှု နှောင့်နှေးတာကြောင့် သူနဲ့အတူပါလာတဲ့ ဦးလေးဖြစ်သူအပါအဝင် ပိတ်မိနေသူတွေ သေဆုံးမှုရှိခဲ့တာရှိခဲ့တယ်လို့လည်း ကိုသူရကျော်က ပြောပါတယ်။
ငလျင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုမြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့အတွက် ဘေးကပ်လျက်ခြံနဲ့ညှိနှိုင်းပြီး မြေအောက်ကနေ ဘေးတိုက်ဖောက်လုပ်တူးဖော်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်လို့လည်း ကမ္ဘောဇဘဏ် ပြောထားသလို ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေချိန် အပြင်မှာကျန်ရစ်ခဲ့သူတွေက ဘဏ်ပြိုကျမှုအတွင်း ပိတ်မိနေတဲ့ သူတို့မိသားစုဝင်တွေကို ကယ်ဆယ်ပေးဖို့ တောင်းဆိုနေတဲ့ ဗီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။
Comentarios