ငလျင်လှုပ်ခတ်မှုကြောင့် အိုးဘိုထောင်က အကျဥ်းသား ၃၀ပတ်ဝန်းကျင် သေဆုံး၊ သေဆုံးသတင်းကို စစ်ကောင်စီက ဖုံးကွယ်ထားပြီး လုံလောက်တဲ့ဆေးဝါးကုမှုမပြု
- BVJ
- Apr 24
- 1 min read
BVJ/ဇော် _ ဧပြီ ၂၀ ၊ ၂၀၂၅

မတ်လ ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၂၀ အပါအဝင် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ဒီနေ့ ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
နိုင်ငံရေးအကျဉ်းသူ (၁၀) ဦး၊ နိုင်ငံရေးအကျဉ်းသား (၁၀) ဦးအပါအဝင် အကျဉ်းသား (၃၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိထားတဲ့ အကျဉ်းသားအကျဉ်းသူတွေကိုလည်း လုံလောက်တဲ့ဆေးဝါးကုသမှု မပေးထားဘူးလို့လည်း သိရပါတယ်။
ကြာရှည်ဟောင်းနွမ်းနေတဲ့ အဆောက်အဦးတွေကို ပြုပြင်မွမ်းမံတာတွေ မလုပ်တာကြောင့် ထိခိုက်သေဆုံးမှုများခဲ့တာဖြစ်ပြီး သေဆုံးစာရင်းတွေကိုလည်း မိသားစုဝင်တွေဆီ အပြည့်အဝမပို့ဘဲနဲ့ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူအချို့ရဲ့ အခြေအနေကို စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက သတင်းအမှောင်ချထားတယ်လို့ သိရပါတယ်။
“လက်ရှိ အိုးဘိုထောင်မှာ အကျဉ်းသား အကျဉ်းသူ (၃၀) ထက်မနည်း သေဆုံးတယ်လို့ ကြားသိထားရပြီးတော့ သေဆုံးစာရင်းတွေကို အတိအကျမရသေးဘူး။ ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသားအကျဉ်းသူတွေကလည်း လုံလောက်တဲ့ဆေးဝါးကုသမှု မရသေးတဲ့အပြင် သေဆုံးစာရင်းကို ပို့တဲ့မိသားစုဝင်တွေဆီ ပို့ပြီး မပို့ဘဲ သေဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေရှိနေတာကိုလည်း ကျွန်မတို့အနေနဲ့ သိထားရပါတယ်။ ဒါကလည်းအကျဉ်းဦးစီးဌာနက သတင်းအမှောင်ချထားတာကြောင့် ဖြစ်ပါတယ်” လို့ WOPP တည်ထောင်သူ မဇူးဇူးမေယွန်းက Burma VJ ကိုပြောပါတယ်။
အခုလိုမျိုး အကျဉ်းထောင်အတွင်း သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသားအကျဉ်းသူတွေရဲ့ စာရင်းတွေကို ထုတ်ပြန်မှုမရှိတဲ့အပေါ် အပစ်မဲ့တဲ့ပြည်သူတွေကို ဖမ်းဆီးထားပြီးတော့ သတင်းအမှောင်ချတာက အာဏာသိမ်း စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေက တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့ မဇူးဇူးမေယွန်းက ဆက်လက်ပြောခဲ့ပါတယ်။
ယခုအချိန်အထိ အိုးဘိုအကျဉ်းထောင်အတွင်း အမျိုးသားဆောင်အလုပ်ရုံ၊ အမျိုးသမီးဆောင် အဆောင် (၁)၊ အဆောင် (၂) နဲ့ ဆေးရုံဆောင်တို့ ပြိုကျပျက်ဆီးခဲ့ပြီး သတင်းဆက်သွယ်မေးမြန်းလို့မရအောင် တစ်ဆောင်နဲ့ တစ်ဆောင် သွားလာမှုတွေ ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ဒေသအချို့မှာ သေဆုံးသူ ၃၇၀၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀၀၀ ကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Comments