အင်းတော်မြို့ကို ၇ ရက်အတွင်းပြန်ရခဲ့ဟု စစ်အုပ်စုကြေညာ
- BVJ

- May 1
- 1 min read
ယူဂရင်း/BVJ_မေ ၁၊ ၂၀၂၆

စစ်ကိုင်တိုင်း၊အင်းတော်မြို့ကို မနေ့က ဧပြီ ၃၀ရက်မှာ စစ်အုပ်စုအလုံးစုံပြန်ထိန်းချုပ်သွားပြီလို့ စစ်အုပ်စုဘက်က မနေ့က ဧပြီ ၃၀ရက်ညပိုင်းမှာ ထိန်းချုပ်မီဒီယာတွေကနေကြေညာပါတယ်။
အင်းတော်မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ တစ်နှစ်ကျော်ကြာပူးပေါင်းသိမ်းပိုက်ထားတာဖြစ်ပြီး ဧပြီ ၂၄ရက်မှာ ပင်မလွတ်ရွာ၊ ၂၉ရက်မှာ နဘားလမ်းဆုံနဲ့နဘားရွာနဲ့ မနေ့က ၃၀ရက်မနက်ပိုင်းမှာတော့ ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတောရွာနဲ့ကူဆိပ်ရွာတို့ကိုသိမ်းပိုက်ပြီး ညနေပိုင်းမှာတော့ အင်းတော်မြို့ကို အလုံးစုံပြန်ထိန်းချုပ်သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အင်းတော်မြို့နဲ့ဒေသတဝိုက်ကို ပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေး ၇ ရက်တာအတွင်းမှာ တိုက်ပွဲကြီး/ငယ် ၁၇ကြိမ်နဲ့ ရန်သူ့အလောင်း ၃၃လောင်း၊ လက်နက်မျိုးစုံ ၁၈လက်နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းပိုက်ခဲ့ကြောင်းနဲ့ စစ်တပ်ဘက်ကလည်း သေဆုံးသူရှိခဲ့ကြောင်း စစ်အုပ်စုကထုတ်ပြန်ပါတယ်။

အင်းတော်မြို့ကို စစ်အုပ်စုပြန်လည်သိမ်းပိုက်သွားကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်အုပ်စုကလေယာဉ်ဗုံးကြဲတာ၊လက်နက်ကြီးနဲ့ အင်အားအများအပြားသုံးခဲ့ကြောင်းကိုလည်း တိုက်ပွဲဝင်တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူကလည်း Burma VJကိုအတည်ပြုပြောပါတယ်။
“ဒီဘက်က(တော်လှန်ရေးတပ်ဖွဲ့တွေ)အပြီးဆုတ်ပေးလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ စစ်သဘောအရ ယာယီဆုတ်ခွာ အင်အားပြန်ဖြည့်တင်းတာမျိုးပါ။ သူတို့ဘက်ကထိုးစစ်က လေယာဉ်တွေနဲ့တောက်လျောက်ပစ် ဗုံးတွေကြဲ၊ အသေခံဒရုန်းတွေနဲ့ပစ်တာမျိုးတွေလုပ်တော့ မြို့လည်းတော်တော်ထိပါတယ်”လို့ နီးစပ်သူကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန-MODလက်အောက်ခံ အမှတ် ၁ စစ်ဒေသက ဦးဆောင်ပြီး ပြီးခဲ့တဲ့ ၂၀၂၄၊ ဩဂုတ် ၁၆ရက်မှာ နဘားလမ်းဆုံနဲ့ ၂၀၂၅၊ ဧပြီ ၇ ရက်မှာတော့ အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။




Comments