“ထောင်ဒဏ်လျှော့ပေါ့တာဟာ လွတ်မြောက်ခြင်းမဟုတ်ဘူး”
- BVJ

- 6 days ago
- 1 min read
BVJ_ဧပြီ ၃၀၊ ၂၀၂၆

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဒီနေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ လူထုခေါင်းဆောင်ရဲ့ပြစ်ဒဏ်ခြောက်ပုံတစ်ပုံကို လျော့ချလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ချမှတ်ခံထားရတဲ့ထောင်ဒဏ်က ၁၈နှစ်၉လ ကျန်ရှိပါတယ်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ကလည်း ပြစ်ဒဏ်လျော့ပေါ့ခဲ့တဲ့အတွက် အခုလျှော့ပေါ့မှုဟာ နှစ်ပတ်အတွင်းဒုတိယအကြိမ်မြောက် ပြစ်ဒဏ်လျှော့ပေါ့ပေးမှုဖြစ်ပါတယ်။
ဒီပြစ်ဒဏ်လျော့ပေါ့ပေးမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက သူ့ရဲ့ ဖေ့စ်ဘုခ်စာမျက်နှာကတဆင့် အခုလိုတုံ့ပြန်ထားပါတယ်။
“ထောင်ဒဏ်လျှော့ပေါ့တာဟာ လွတ်မြောက်ခြင်းမဟုတ်ဘူး။မေမေဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ ဓားစာခံအဖြစ်ဖမ်းဆီးထားခံနေရဆဲ။ အချက်အလက်မရှိ။ သတင်းအမှန်မရှိ။ဒါဟာလူ့အခွင့်အရေးပြဿနာပါ။အသက်ရှင်လျက်ရှိနေတယ်ဆိုရင် သက်သေပြပါ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း(ခ)ကင်မ်အဲရစ်ဟာ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေဆက်တိုက်ပြုလုပ်နေသလို ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေသေးတယ်ဆိုရင် သက်သေပြပေးဖို့အတွက်လည်း စစ်အုပ်စုကိုပြောနေပါတယ်။
“သားတစ်ဦးအနေနဲ့ ရိုးရှင်းတဲ့အရာတခုကိုပဲတောင်းဆိုပါတယ်။ မေမေ အသက်ရှင်နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်းအထောက်အထားပြပါ” လို့ ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတဆင့် ပြောထားပါတယ်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်အုပ်စုက အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှုဖြစ်စေရန် လှုံ့ဆော်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုတွေနဲ့ မတရားစွဲချက်တင်ပြီး ထောင်ဒဏ် ၃၃ နှစ်ချခဲ့တာဟာ သူ့ကိုနိုင်ငံရေးလောကနေအပြီးဖယ်ထုတ်ဖို့ ရည်ရွယ်တဲ့ နိုင်ငံရေးလုပ်ကြံမှုတစ်ခုလို့ သူ့ကိုထောက်ခံတဲ့သူတွေက အခိုင်အမာပြောဆိုနေကြပါတယ်။
လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာမသိရသေးဘဲ လူမြင်ကွင်းမှာမတွေ့ရတာကလည်း နှစ်နဲ့ချီကြာနေပြီဖြစ်ပါတယ်။ပြီးတော့အာဏာသိမ်းစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှဖမ်းချုပ်ထားတယ်ဆိုတာထုတ်မပြောဘဲ လျှို့ ဝှက်ထားသလို သူ့ရဲ့ရှေ့နေအဖွဲ့က လူတစ်ဦးဦး (သို့မဟုတ်) မိသားစုဝင်တွေထဲကလူတွေကိုလည်း တွေ့ဆုံခွင့်မပြုပါဘူး။




Comments