ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေးလာကူတဲ့ နိုင်ငံတကာအဖွဲ့တချို့ မြန်မာကနေပြန်ထွက်ပြီ
- BVJ

- Apr 18, 2025
- 1 min read
BVJ/မိုနာ_ ဧပြီ ၇၊ ၂၀၂၅

မြန်မာငလျင်ဘေးအတွက် ပြိုကျအဆောက်အဦးတွေအောက် ပိမိ၊ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ရောက်ရှိနေတဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေထဲက ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာပြည်တွင်းကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။
မလေးရှား၊ အိန္ဒိယနဲ့စင်္ကာပူနိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးလာတဲ့တပ်ဖွဲ့ဝင်တွေဟာ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး မထွက်ခင်မှာ စင်္ကာပူနိုင်ငံကလာတဲ့ Singapore Civil Defence Force/ Operation Lionheart Contingent အဖွဲ့ဟာ သူတို့ယူလာတဲ့ ရှာဖွေကယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာ တွေထဲက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာ (၁၁)မျိုးကို မနေ့က ဧပြီ ၆ရက်မှာ လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးမြောက်ပြီဖြစ်တဲ့အတွက် မြန်မာမှာရှာဖွေကယ်ဆယ်ရေးလာလုပ်ပေးတဲ့ ထိုင်းနိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဟာ ထိုင်းကို ပြန်သွားတော့မှာဖြစ်တဲ့အတွက် ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း အခု ၅ရက်က ဂုဏ်ပြုနှုတ်ဆက်အခမ်းအနားလုပ်ပေးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
အခုရောက်နေတဲ့ ထိုင်းနိုင်ငံကကယ်ဆယ်ရေးအဖွဲ့ဟာ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု စံသတ်မှတ်ချက် အဆင့် (၄) (ASR Level 4) အထိ ဆောင်ရွက်ပြီးစီးခဲ့တာကြောင့်ပြန်ထွက်တော့မှာဖြစ်ပြီး ထိုင်းနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့အသစ်တစ်ဖွဲ့ ထပ်ရောက်လာမှာဖြစ်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကို မနေ့က ဧပြီ ၆ရက်မှာ မန္တလေးမြို့မှာတွေ့ဆုံအားပေးခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
တရုတ်တပ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့နဲ့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့တို့ဟာ ဧပြီ ၆ရက်နေ့အထိ မြန်မာငလျင်ဘေး ပြိုကျအဆောက်အအုံတွေအတွင်း အသက်ရှင်ကျန်ရစ်သူ (၉)ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၈ရက်ကမြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ ပြင်းအား၇.၇ငလျင်ကြောင့် အဆောက်အဦး၊နေအိမ်၊ ကွန်ဒိုတွေပြိုကျပျက်စီးခဲ့ပြီး လူတွေပိမိ၊ ပိတ်မိကုန်ကျတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်ဖို့ ရုရှား၊တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလိစ်ပိုင်စတဲ့နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေ ဝင်ရောက်လာတာပါ။အဲ့ဒီနိုင်ငံတကာအဖွဲ့တွေနဲ့အတူ မြန်မာမီးသတ်တပ်ဖွဲ့၊ ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ ပူးပေါင်းရှာဖွေကယ်ဆယ်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် ကူညီကယ်ဆယ်ရေးအတွက်ဝင်ရောက်လာတဲ့ နိုင်ငံတကာအဖွဲ့တွေဟာ ရှာဖွေကယ်ဆယ်ရေးတွေကို စစ်ကောင်စီညွှန်ကြားပေးတဲ့နေရာတွေမှာသာ အကန့်အသတ်နဲ့လုပ်ခဲ့ကြရပါတယ်။
အိန္ဒိယနိုင်ငံကနေ ကူညီကယ်ဆယ်ဖို့ရောက်ရှိလာတဲ့ စေတနာ့ဝန်ထမ်း ကီရန်ဗာမာဆိုသူက ငလျင်ဒဏ် အထိခိုက်ဆုံးဒေသတွေဖြစ်တဲ့ စစ်ကိုင်းဘက်ကိုသွားရောက်လိုပေမဲ့ အကြောင်းပြချက်မရှိဘဲ မန္တလေးမှာတင်တားဆီးခံခဲ့ရကြောင်းနဲ့ မန္တလေးမှာလည်း လူအနည်းငယ်ကိုသာ အစားစာ ဝေမျှခဲ့ရတဲ့အလုပ်ကိုသာလုပ်ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူညီကယ်ဆယ်နေရတဲ့ အခြေအနေနဲ့ အကူအညီမဲ့နေတဲ့ပြည်သူတွေကို မကြည့်ရက်တော့သလို အပျက်စီးပုံတွေအောက်မှာ သေဆုံးနေတဲ့အလောင်းတွေကို ထားခဲ့ရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်မိကြောင်း သူ့အတွေ့အကြုံကို လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ကီရန်ဗာမာဟာ ကူညီကယ်ဆယ်ရေးလုပ်ဖို့ မတ်လ ၃၁ရက်မှာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး သူကြုံတွေ့ရတဲ့အခြေအနေတွေကြောင့် ဆက်လုပ်ချင်စိတ်မရှိတော့တဲ့အတွက် ဧပြီ ၃ရက်မှာ ပြန်ထွက်သွားခဲ့ပါတယ်။
မတ်လ၂၈ရက်နေ့က အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံမှာ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ နေပြည် တော်တို့မှာ ပျက်စီးမှုများခဲ့ပြီး မနေ့က ဧပြီ ၆ရက်အထိ စစ်ကောင်စီရဲ့စာရင်းတွေအရ (၃၄၅၅)ဦး သေဆုံးပြီး (၄၈၄၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ပျောက်ဆုံးနေသူ (၂၁၄) ဦး ရှိနေကြောင်း သိရပါတယ်။




Comments