ငလျင်ဘေးဒဏ်သင့်ဒေသ စစ်ကိုင်းမှာ မလေးရှားက ယာယီဆေးရုံ ဖွင့်လှစ်
- BVJ

- Apr 25
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၂၅ ၊ ၂၀၂၅

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ယာယီအခမဲ့ဆေးရုံတစ်ခု ဖွင့်လှစ်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက ဒီနေ့ ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
မလေးရှားအစိုးရက စီစဉ်တဲ့ ယာယီအခမဲ့ဆေးရုံကို စစ်ကိုင်းမြို့ ပါရမီရပ်ကွက် နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်အားကစားကွင်းအတွင်းမှာ ဖွင့်လှစ်ထားပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအပြင် သားဖွားမီးယပ်၊ ဖျားနာ၊ ခွဲစိတ်ကုသ၊ အရိုးအကြော၊ ကလေးကျန်းမာရေး၊ သွားခံတွင်း၊ နားနှာခေါင်း၊ လည်ချောင်းနဲ့ မျက်စိရောဂါဝေဒနာရှင်တွေကိုလည်း အခမဲ့ကုသပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
ယာယီအခမဲ့ဆေးရုံကို သောကြာနေ့ကလွဲပြီး နေ့စည် မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်း ကုသပေးသွားမယ်လို့လည်း သိရပါတယ်။ မလေးရှားဆေးဘက်ဆိုင်ရာဝန်ထမ်း ၆၉ ဦး ပါဝင်တဲ့ ယာယီဆေးရုံကို စစ်ကိုင်းမြို့မှာ ရက် ၃၀ ကြာ ဖွင့်လှစ်မှာဖြစ်ပြီး ထိရောက်တဲ့ ဆေးဝါးကုသမှုတွေပေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း မလေးရှားအစိုးရက ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
မလေးရှား ဆေးဘက်ဆိုင်ရာအဖွဲ့က စစ်ကိုင်းမြို့မှာ ယာယီဆေးရုံဖွင့်လှစ်ဖို့ ဧပြီ ၁၉ ရက်မှာ ပြင်ဆင်ခဲ့ပေမဲ့ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ဆိုင်းငံ့မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဧပြီ ၂၁ ရက်ကျမှသာ ယာယီဆေးရုံကို စတင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးချင်း မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့က စစ်ကိုင်းမြို့ကို ရောက်ရှိခဲ့ချိန် စစ်ကောင်စီခွင့်ပြုထားတဲ့နေရာတွေကိုသာ သွားရောက်ကူညီခွင့်ရခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့နေရာတွေကို သွားရောက်ကူညီကယ်ဆယ်ခွင့် မရခဲ့ပါဘူး။







Comments