ဒေါ်အောင်ဆန်းစုကြည်နဲ့သားဖြစ်သူတို့ မြန်မာသံရုံးကတဆင့် ၁၅ မိနစ်ကြာစကားပြောခွင့်ရခဲ့

မိုနာ/BVJ_အောက်တိုဘာ ၂၂၊ ၂၀၂၆

စစ်အုပ်စုကဖမ်းဆီးထောင်ချထားတဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့သားငယ် ကိုထိန်လင်းတို့ဟာ ယူကေအချိန် ဒီနေ့မနက် ၉နာရီကျော်က လန်ဒန်ရှိမြန်မာသံရုံးကနေ ၁၅မိနစ်ကြာစကားပြောခွင့်ရခဲ့တယ်လို့ Burma VJ က သီးခြားအတည်ပြုလို့ရခဲ့ပါတယ်။
ဒေါ် အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်း(ခ)ကင်အဲရစ်ကလည်း ဒီနေ့သူ့အမေနဲ့စကားပြောခွင့်ရတယ်လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။
"ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်"လို့ ကိုထိန်လင်း(ခ)ကင်အဲရစ်က ကရေးထားပါတယ်။
ဒါ့အပြင် မိခင်ဖြစ်သူ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြဖို့ကိုလည်း ကင်ကတိုက်တွန်းထားပါတယ်။
"မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ မေမေ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြပါ"
ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလိုစကားပြောခွင့်ရတာဟာ လွတ်မြောက်ခြင်းမဟုတ်ဘဲ ဓားစာခံအဖြစ်ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး စစ်အုပ်စုဟာနိုင်ငံရေးအရအမြတ်ထုတ်ဖို့ ကြိုးစားနေကြောင်းနဲ့လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့်ကိစ္စမဟုတ်ဘူးလို့ ကင်ကပြောထားပါတယ်။

"အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ မေမေဟာ မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲပါ။
တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်ပါဘူး။ မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ပါဘူး။
မေမေ့ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ပါဘူး။
အခြေခံလူ့အခွင့်အရေးတွေကို တရားဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့ ဗြိတိန်အစိုးရနဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးကို မေတ္တာရပ်ခံပါတယ်။
မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရပါမယ်။ လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့် ကိစ္စ မဟုတ်ပါဘူး"
ဗြိတိန်တတိယမြောက် ချားလ်စ်ဘုရင်ဆီက စာအုပ်နှစ်အုပ်ဖြစ်တဲ့ "The Land Gardeners: Soil to Table"နဲ့ "Soil: The World at Our Feet" တို့နဲ့ အိတ်ပိတ်စာအိတ်တစ်အိတ်၊သံတမန်ရေးရာဆက်သွယ်ရေး စာတစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ပေးပို့ပြီးရက်ပိုင်းအတွင်းမှာ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူနဲ့လည်းအခုလို စကားပြောခွင့်ပြုလာတာဖြစ်ပါတယ်။




Comments