ငလျင်နောက်ပိုင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၃၅ ဦး သေဆုံးခဲ့တယ်လို့ NUG ပြော
- BVJ

- Apr 30, 2025
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၉ ၊ ၂၀၂၅

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ အခု ဧပြီ ၂၃ ရက်နေ့အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃၅ ဦး သေဆုံးခဲ့ပြီး ၄၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဒီနေ့ ဧပြီ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ငလျင်ဘေးဒဏ်သင့်ဒေသတွေနဲ့ အခြားဒေသတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁၉၆ ကြိမ် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု ၆၄ ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုစုထားတဲ့စာရင်းတွေကို ကိုကားပြီး ဒီနေ့မှာ ပြုလုပ်တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဉ်မှာ ထည့်သွင်းပြောခဲ့တာပါ။
စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့တာကြောင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ကောလင်းခရိုင်တို့မှာ အရပ်သားပြည်သူ သေဆုံးမှု ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။
ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ကူညီကယ်ဆယ်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲကြောင်း အခု ဧပြီလအတွင်း စစ်ကောင်စီက နှစ်ကြိမ် ထုတ်ပြန်ခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာက ငလျင်အတွက် လှူဒါန်းတဲ့ လူသားချင်းစာနာအထောက်အပံ့ အကူအညီပစ္စည်းတွေကို ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ဖြန့်ဝေပေးတာမျိုးမရှိဘဲ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေပြည်တော်မှာတင် ထားရှိထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာကယ်ကနေ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်မှု လုပ်ဆောင်နေတာတွေကိုလည်း နိုင်ငံတကာအစိုးရတွေအနေနဲ့ အလေးထားဂရုပြုဖို့ကိုလည်း ဦးကျော်ဇောက ဖြည့်စွက်ပြောထားပါသေးတယ်။




Comments