ငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် ပိတ်ပင်ကန့်သတ်မှုတွေ မလုပ်ဆောင်ဖို့ ကုလသမဂ္ဂ ပြော
- BVJ
- Apr 18
- 1 min read
BVJ/Moore _ ဧပြီ ၆ ၊ ၂၀၂၅

အင်အားပြင်းငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ဒေသတွေက ပြည်သူတွေကို အရေးပေါ်အကူအညီ အထောက်အပံ့တွေ ချက်ချင်းပေးနိုင်ဖို့အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ပိတ်ပင်တားဆီးမှုတွေ မလုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး (OHCHR) က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
လိုအပ်နေတဲ့နေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်ဖို့အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့လိုအပ်ပြီး ငလျင်ဘေးဒဏ်ကြုံတွေ့နေရသူတွေအတွက် ထောက်ပံ့ရေးလမ်းကြောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း OHCHR ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပြောကြားထားပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကို ပိတ်ပင်ကန့်သတ်မှုတွေ မလုပ်ဆောင်ဖို့ ကုလသမဂ္ဂက ထုတ်ပြန်ပြောဆိုထားပေမဲ့ ကူညီကယ်ဆယ်ရေး ဘယ်အဖွဲ့မဆို သီးခြားလွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်မပြုသလို ကြိုတင်ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်ခွင့်မရှိဘူးလို့ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့ ဧပြီ ၅ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပါအဝင် NGO အဖွဲ့အစည်းတွေအနေနဲ့လည်း သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့သလို ဒီအတွက်လည်း မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်ဖို့ရှိနေတယ်လို့လည်း ဆိုပါတယ်။
ငလျင်ဘေးကူညီထောက်ပံ့ရေးလုပ်ဆောင်ရာမှာ သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေထံ အကြောင်းမကြားဘဲ မိမိသဘောဆန္ဒအလျောက် ဆောင်ရွက်နေပါက မလိုလားအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာပြဿနာရပ်တွေ ရှိလာနိုင်တယ်လို့လည်း ဒုစစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုထားပါတယ်။
အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ မြန်မာစစ်တပ် (စစ်ကောင်စီ) ကရော အမျိုးသားညီညွတ်ရေးအစိုးရကပါ အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ထားတာကြောင့် နှစ်ဖက်စလုံးအနေနဲ့ လိုက်နာဖို့ လိုအပ်တယ်လို့ကုလသမဂ္ဂက တောင်းဆိုထားပေမဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ဧပြီ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပေမဲ့ ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို မြေပြင်ထိုးစစ်ဆင်မှုတွေလည်းရှိနေတာပါတယ်။ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်အပြီး မနေ့ ဧပြီ ၅ ရက်အထိ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၉၀ ထက်မနည်း လုပ်ဆောင်ခဲ့ပါသေးတယ်။
Comments