ငလျင်ကြောင့် အလည်အပတ်ဗီဇာတွေ ယာယီပိတ်ထားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်
- BVJ
- Apr 18
- 1 min read
BVJ/Moore _ ဧပြီ ၇ ၊ ၂၀၂၅

အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲအခြေအနေတွေကြောင့် မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေအတွက် အလည်အပတ်ဗီဇာ (Tourist Visa) လျှောက်ထားမှု ယာယီရပ်တန့်ထားတယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အလည်အပတ်ဗီဇာလျှောက်လွှာတွေကို ယာယီရပ်တန့်ထားကြောင်း စစ်ကောင်စီက အခုလ ဧပြီ ၃ ရက်စွဲနဲ့ထုတ်ပြန်ထားပေမဲ့ ပြန်ဖွင့်မယ့်ရက်ကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းသုံးဗီဇာ (Business Visa) ကိုတော့ ယာယီပိတ်ပင်ထားတာမျိုး မရှိပါဘူး။

မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုအတွင်း စစ်ကောင်စီ ခွင့်ပြုတဲ့နိုင်ငံအချို့က ကယ်ဆယ်ရေးဝန်ထမ်းတွေကိုသာ ပြည်ဝင်ခွင့်ပေးခဲ့ပြီး ငလျင်လှုပ်ခတ်ပြီးချင်း အစောဆုံးလာရောက်ဖို့ ကြိုးစားခဲ့တဲ့ ထိုင်ဝမ်ကိုတော့ ပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။ စစ်ကောင်စီက တရုတ်တစ်နိုင်ငံထဲမူဝါဒကို လိုက်နာခဲ့ပြီး တရုတ်အစိုးရရဲ့ ငြိုငြင်မှုကို စိုးရိမ်တာကြောင့် ထိုင်ဝမ်ကို ပြည်ဝင်ခွင့်မပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ငလျင်ဘေးဒဏ်သင့်နေရာတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုတွေကို သတင်းရယူဖို့အတွက် မြန်မာပြည်ထဲလာရောက်ဖို့ နိုင်ငံတကာ သတင်းထောက်တွေက တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။
ငလျင်ဘေးဒဏ် ကြုံတွေ့နေရတဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှသာ လုပ်ကိုင်ခွင့်ပြုမယ်လို့ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း နေပြည်တော်အစည်းအဝေးမှာ ပြောဆိုထားပါသေးတယ်။
Comments