ငလျင်ကြောင့် သေဆုံးသူတွေကို စစ်ကောင်စီက ကျပ်ဆယ်သိန်းသာ ထောက်ပံ့ဖို့ပြင်ဆင်နေချိန်မှာ ထိုင်းက ဘတ် ၂သန်းအထိ ပေးဖို့ ပြင်ဆင်နေ
- BVJ
- Apr 18
- 1 min read
BVJ/Moore _ ဧပြီ ၇ ၊ ၂၀၂၅

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံတွင်း သေဆုံးခဲ့သူတွေကို ထိုင်းအစိုးရက တစ်ဦးကို ဘတ် ၂ သန်း (မြန်မာငွေ သိန်းပေါင်း ၂၅၀၀ ခန့်) အထိ ပေးဖို့ပြင်ဆင်နေချိန် စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း ငလျင်ကြောင့် သေဆုံးခဲ့သူတွေအတွက် မြန်မာငွေကျပ် ၁၀ သိန်းစီ (ဘတ် ၈၀၀၀ ဝန်းကျင်) ပေးမယ်လို့ သိရပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆောက်လုပ်စအဆောက်အအုံ ပြိုကျမှုမှာ သေဆုံးခဲ့သူတွေအတွက် ဘတ် ၁ သန်းကနေ ၂ သန်းအထိ နစ်နာကြေးပေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောကြားတယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြပါတယ်။
အဆောက်အအုံပြိုကျမှုအတွင်း သေဆုံးခဲ့သူ ထိုင်းနိုင်ငံသားနဲ့ မြန်မာအပါအဝင် အခြားနိုင်ငံခြားသားတွေကို ခွဲခြားမှုမရှိဘဲ နစ်နာကြေးညီတူညီမျှပေးသွားမယ်လို့ အမြဲတမ်းအတွင်းဝန် Boonsong Thapchaiyuth က အတည်ပြုပြောကြားခဲ့တာပါ။ ဒါ့အပြင် အဆောက်အအုံပြိုကျမှုအတွင်း ထိခိုက်ဒဏ်ရာရရသူတွေကိုလည်း ထိုင်းနိုင်ငံသားတွေနဲ့တန်းတူ ဆေးဝါးကုသမှုနဲ့ ကူညီထောက်ပံ့မှုတွေပေးထားတယ်လို့လည်း ဆိုပါတယ်။
ဘန်ကောက် ဆောက်လက်စအဆောက်အအုံပြိုကျမှုအတွင်း မြန်မာနိုင်ငံတွေလည်းပါဝင်ခဲ့တာကြောင့် ထိုင်းအစိုးရပေးမယ့် နစ်နာကြေး ဘတ် ၁ သန်းနဲ့ ၂ သန်းကြားရရှိခဲ့ပါက မြန်မာငွေကျပ် သိန်းပေါင်း ၁၂၀၀ ကျော်မှ ၂၅၀၀ ဝန်းကျင်အထိရရှိမှာလည်း ဖြစ်ပါတယ်။ အဆောက်အအုံပြိုကျမှုကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသူတွေကိုလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက လစဉ်ဘတ် ၇၅၀၀ နှုန်းနဲ့ ၆ လအထိ ထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။
ထိခိုက်ဒဏ်ရာ၊ သေဆုံးသူတွေအတွက် မိသားစုဝင်၊ ဆွေမျိုးသားချင်းတွေက အလုပ်သမားဝန်ကြီးဌာနထံ နစ်နာကြေးလျှောက်ထားရမှာဖြစ်ပြီး ၁၅ ရက်အတွင်း အတည်ပြုပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ လူမှုဖူလုံရေးရန်ပုံငွေစနစ်အတွင်းကနေ နစ်နာကြေးရရှိနိုင်ဖို့အတွက် အလုပ်ရှင်က တာဝန်ယူလုပ်ဆောင်ရမယ်လို့လည်း ထိုင်းအစိုးရက ပြောထားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေ ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေချိန်အတွင်း အလုပ်သမားဝန်ကြီးဌာနနဲ့ လူမှုဖူလုံရေးတာဝန်ရှိသူတို့ ပူးပေါင်းပြီး ဆေးကုသမှုကုန်ကျစရိတ်ကို အပြည့်အဝတာဝန်ယူပေးသွားမယ်လို့လည်း အမြဲတမ်းအတွင်းဝန်းက ပြောကြားထားပြီး သေဆုံးခဲ့သူတွေအတွက် အနည်းဆုံး ဘတ်တစ်သန်းကနေ လျော်ကြေးပေးမှုတွေ လုပ်သွားမယ်လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။
၇.၇အင်အားပြင်း ငလျင်ဟာ မြန်မာနိုင်ငံ စစ်ကိုင်းနဲ့မန္တလေးတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တာကြောင့် အဲ့ဒီဒေသတွေအပါအဝင် တိုင်းနဲ့ ပြည်နယ် (၆)ခု ငလျင်ဒဏ်ကိုအပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသူ (၃၄၅၅) ဦး ရှိခဲ့ပါတယ်။
အဲ့ဒီငလျင်ဒဏ်ကြောင့်သေဆုံးသူတွေကို တစ်ယောက်ကို ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၅ ရက်ကပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့အစည်းအဝေးမှာ ထုတ်ပြောခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။
မြန်မာငလျင်ဘေးအတွက် နိုင်ငံပေါင်း ၂၄နိုင်ငံက လှုဒါန်းထားတဲ့ ဒေါ်လာသန်းဆယ်ချီနဲ့ ပြည်တွင်း ခရိုနီတွေဆီက ကျပ် ၁၁၆ ဘီလီယံကျော်ကို စစ်ကောင်စီက လက်ခံရရှိထားတာဖြစ်ပြီး အခုထောက်ပံ့မယ့် ငွေကျပ်ဆယ်သိန်းဟာ ပြည်တွင်းတစ်ဦးချင်းအလှူရှင်တွေက ငလျင်ဒဏ်သင့်ပြည်သူတွေဆီ တိုက်ရိုက်ပေးလှုတဲ့ငွေလောက်တောင် မရှိတာကြောင့် ဝေဖန်နေကြတာပါ။
Comments