ငလျင်ကြောင့် ဘန်ကောက်စာရင်းစစ်ချုပ်ရုံးပြိုကျမှုအတွင်း သေဆုံးသူ ၄၄ ဦးအထိရှိလာ
- BVJ
- Apr 24
- 1 min read
BVJ/Moore _ ဧပြီ ၁၅ ၊ ၂၀၂၅

ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ချက်တူချက်မှာရှိတဲ့ ဆောက်လက်စ စာရင်းစစ်ချုပ်ရုံး ပြိုကျမှုအတွင်း ပိတ်မိသေဆုံးသူ ၄၄ ဦးအထိရှိလာပြီလို့ ထိုင်းသတင်းဌာနက ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
ပြိုကျခဲ့တဲ့ အဆောက်အဦးအပျက်အစီးတွေအောက် သေဆုံးအလောင်းတွေကို မနေ့ညပိုင်းက ထပ်မံတွေ့ရှိခဲ့တာလည်းဖြစ်ပြီး ပိတ်မိသေဆုံးခဲ့သူတွေကို ထပ်မံရှာဖွေနိုင်ဖို့အတွက်ကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဆောက်အအုံအောက်အတွင်း ပိတ်မိသေဆုံးသူ ၂ ဦးနဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း ၂၄ ခုကို မနေ့ညပိုင်းက ထပ်မံတွေ့ရှိခဲ့တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးနိုင်ဖို့အတွက် မှုခင်းဆေးပညာဆိုင်ရာ ရဲတပ်ဖွဲ့ထံ ပို့ဆောင်ထားတယ်လို့ ဘန်ကောက်ဒုတိယမြို့တော်ဝန် Tavida Kamolvej က ဒီနေ့ မနက်ပိုင်းမှာ ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။
အထပ် ၃၀ မြင့် ဆောက်လုပ်စ စာရင်းစစ်ချုပ်ရုံးအဆောက်အအုံ ပြိုကျမှုအတွင်း ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်ရှိအချိန်အထိ ၅၀ ခန့် ပျောက်ဆုံးနေတယ်လို့ ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအစိုးရအဖွဲ့ တာဝန်ရှိသူတွေကလည်း ပြောပါတယ်။
ပိတ်မိသေဆုံးနေသူတွေရဲ့အလောင်းကို ဆက်လက်ရှာဖွေသယ်ယူနိုင်ဖို့အတွက် သံမဏိတိုင်အများအပြားက ပိတ်ဆို့နေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဘန်ကောက်ဒုမြို့တော်ဝန်က ပြောပါတယ်။
အဆောက်အအုံပြိုကျမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အဆောက်အအုံ ကန်ထရိုက်တာအပါအဝင် သတ်မှတ်စံချိန်စံညွှန်းမပြည့်မီတဲ့ ဆောက်လုပ်ရေးပစ္စည်း တင်သွင်းသူ ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေကိုလည်း အရေးယူမှုတွေ စတင်လုပ်ဆောင်ပြီလည်း ဖြစ်ပါတယ်။
Comments