စပိန်တိုက်စစ်မှူး ရာဖာမီယာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ထောင်ဒဏ် ၈ နှစ်ခွဲချမှတ်ခံရ
- BVJ

- 1 day ago
- 1 min read
အီးကေ/BVJ_ဇွန် ၁၆၊ ၂၀၂၆

စပိန်နိုင်ငံ၊ ဗလင်စီယာမြို့တရားရုံးတရုံးက တိုက်စစ်မှူး ရာဖာမီယာကိုလိင်ပိုင်း ဆိုင်ရာစော်ကားမှု၊ ကိုယ်ထိလက်ရောက် ထိခိုက်စေမှုတို့နဲ့ တနင်္လာနေ့က ထောင်ဒဏ် ၈ နှစ်ခွဲအမိန့်ချမှတ်ခဲ့ပါတယ်။
စပိန်လာလီဂါ ကလပ် အယ်ချီအသင်းလက်ရှိကစားသမား၊ ဗလင်စီယာအသင်း ကစားသမားဟောင်းဖြစ်သူ ရာဖာမီယာကို ဗလင်စီယာတရားရုံးကအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
မီယာနဲ့ သူ့သူငယ်ချင်း ဘောလုံးသမားပက်ဘလိုဂျာရာတို့ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အမျိုးသမီးနှစ်ဦးရဲ့တိုင်ကြားခံခဲ့ရပြီးနောက် ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ မီယာရဲ့နေအိမ်မှာ အဲ့ဒီပြစ်မှုကိုကျူးလွန်ခဲ့ကြတာလို့သိရပြီး အမျိုးသမီးတွေဘက်ကသဘောတူညီမှုရရှိခဲ့တယ်လို့ မီယာရဲ့ရှေ့နေကတရားရုံးမှာစောဒကတက်ခဲ့ပါတယ်။
မီယာအနေနဲ့ ထောင်ဒဏ်အပြင် နစ်နာသူကိုလျော်ကြေးငွေ ယူရို ၆၄,၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။ တရားရုံးက ဂျာရာကိုလည်းလိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ လူ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ပြစ်မှုနဲ့ နောက်ထပ် ထောင်ဒဏ် ၆ လချမှတ်ခဲ့ပြီး ယူရို ၆,၂၈၀ ဒဏ်ငွေပေးဆောင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။
အခုစီရင်ချက်ဟာအပြီးသတ်မဟုတ်သေးဘဲ မီယာကအယူခံဝင်သွားမှာဖြစ်ကြောင်း တနင်္လာနေ့မှာအတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးမီယာဟာ ဝုလ်ဗာဟမ်တန် ဝမ်ဒါးလားအသင်းအတွက်ကစားခဲ့ဖူးတဲ့အပြင် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာလည်း စပိန်လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ အယ်ချီအသင်းဘက်ကတော့အခုကိစ္စနဲ့ပတ်သက်ပြီး တစုံတရာမှတ်ချက်တုံ့ပြန်ခြင်းမရှိသေးပါဘူး။




Comments