ငလျင်ကြောင့်ပြည်သူတွေ ဒုက္ခရောက်နေချိန် နှစ်ကူးသင်္ကြန်ကို “အေးသင်္ကြန်” လို့ စစ်ကောင်စီ နာမည်ပေး
- BVJ
- Apr 24
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၁၄ ၊ ၂၀၂၅

ငလျင်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန် စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို “အေးချမ်းသာယာသော သင်္ကြန် - အေးသင်္ကြန်” လို့ အမည်ပေးပြီး နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဆက်လက်ကျင်းပနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မိသားစုတွေနဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ မိသားစုတွေအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေက နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်မှာ သင်္ကြန်ပွဲတော်ကို ကျင်းပပြုလုပ်နေပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း နေပြည်တော် ပျဉ်းမနား-တောင်ညိုလမ်းဆုံနေရာမှာ ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့သနပ်ခါးကို ယူနက်စကိုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်မှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းနေမှုကို ဂုဏ်ပြုနေတဲ့အနေနဲ့ သနပ်ခါးလိမ်းပွဲတော်ကိုလည်း လုပ်ဆောင်နေပြီး မြန်မာသင်္ကြန်ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတဲ့အတွက် ဂုဏ်ပြုဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့က အင်အားရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော်အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ဒေသအချို့မှာ လူသေဆုံးမှု ၃၆၀၀ ကျော်အထိရှိခဲ့ပြီး ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ငလျင်ဘေးဒဏ်သင့်ဒေသတွေက နေအိမ်အဆောက်အအုံတွေ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။
နောက်ဆက်တွဲငလျင်တွေ နေ့စဉ်လှုပ်ခတ်နေတာကြောင့် ငလျင်ဘေးဒဏ်သင့်နေရာတွေက ပြည်သူအများစုဟာ အဆောက်အအုံတွေထဲ ဝင်ရောက်နေထိုင်ဖို့ စိုးရိမ်မှုတွေရှိနေပြီး လမ်းမပေါ်တွေနဲ့ ဘုန်းကြီးကျောင်း၊ ဘောလုံးကွင်းနေရာမှာ ယာယီတဲထိုးနေထိုင်ကြရတာတွေလည်း ရှိနေပါတယ်။
ငလျင်လှုပ်ခတ်မှုအပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက သံရုံးအတွင်း ကျင်းပမယ့် ဆုန်ခရမ်ပွဲတော်ကို ဖျက်သိမ်းခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်/မိုင်းလားတပ်ဖွဲ့ (NDAA) တို့ကလည်း ငလျင်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန် ကျင်းပဖို့ ပြင်ဆင်ထားတဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်း အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ကြပါသေးတယ်။
Comments