ICJတရားသူကြီး ၁၅ ယောက်လုံးသဘောတူတာမဟုတ်တာကြောင့် စီရင်ချက်မမျှတဟု စစ်အုပ်စု သတင်းစာရှင်းလင်းပွဲလုပ်ပြော

ယူဂရင်း/BVJ_နိုဝင်ဘာ ၂၀၊ ၂၀၂၆

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို မြန်မာနိုင်ငံကကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ချမှတ်လိုက်တဲ့စီရင်ချက်ဟာ တရားမျှတမှုမရှိဘူးလို့ စစ်အုပ်စုသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဒီနေ့ နိုဝင်ဘာ ၂၀ရက်က နေပြည်တော်မှာသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောပါတယ်။
ICJဆုံးဖြတ်ချက် ၁၃ချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာ တရားသူကြီး ၁၅ယောက်အဖွဲ့က မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို မဲခွဲဆုံးဖြတ်ရာမှာ တရားသူကြီး ၁၅ယောက်ထဲက ၉ယောက်က သဘောတူခဲ့တာကြောင့် မဲအများနဲ့စီရင်ဆုံးဖြတ်ခဲ့တာပါ။
ဒေါ် ခိုင်ခိုင်စိုးက “၁၅ ယောက်လုံးက သဘောတူတာ မဟုတ်ပါဘူး။ ၉ ယောက်က ဒီဆုံးဖြတ်ချက်ကို သဘောတူတယ်၊ ၆ ယောက်က သဘောမတူဘူး။ ဆိုတော့ ဒါသည် အားလုံး တညီတညွတ်တည်း ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး၊ Fair မဖြစ်ဘူးလို့ ကျွန်မပြောချင်ပါတယ်” လို့ နေပြည်တော်သတင်းစာရှင်းပွဲမှာပြောခဲ့ပါတယ်။
ဒါ့အပြင် ဂမ်ဘီယာဘက်ကတရားစွဲဆိုတဲ့အမှုကို သူတို့အနေနဲ့ ၇နှစ်ကြာအချိန်ယူ စနစ်တကျဖြေရှင်းခဲ့ကြောင်းနဲ့ အခုက မြန်မာနိုင်ငံအနေနဲ့မတရားစွပ်စွဲခံရတာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ ICJဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စစ်အုပ်စုအနေနဲ့ အတိအကျမတုန့်ပြန်နိုင်သေးဘဲ ICJစီရင်ဆုံးဖြတ်ချက်ပါ အချက်အလက်တွေကိုအချိန်ယူလေ့လာပြီးမှသာ မြန်မာဘက်ကသဘောထားကို သူတို့အနေနဲ့ အပြီးပြတ်ပြောမယ်လို့လည်း ဒေါ်ခိုင်ခိုင်စိုးကပြောပါတယ်။
ICJရဲ့ မနေ့က နိုဝင်ဘာ ၁၉ရက်စီရင်ဆုံးဖြတ်ချက်ဟာ ၂၀၁၆-၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ ကုလသမဂ္ဂကပြဋ္ဌာန်းထားတဲ့ ဂျီနိုဆိုက် (Genocide) လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။
ဒါကြောင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်အောင် လှုံ့ဆော်တဲ့သူတွေနဲ့ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူဖို့၊ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန်ဖို့၊ ထွက်ပြေးသွားရတဲ့သူတွေကို ပြန်လက်ခံဖို့နဲ့ နစ်နာတဲ့သူတွေကို လျော်ကြေးပေးဖို့စတာတွေကို အမိန့်ချဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။




Comments