ငလျင်ကြောင့်စိုးရိမ်ပြီး လမ်းပေါ်ထွက်အိပ်ရာကနေ လေဖြတ်သူများရှိနေ
- BVJ

- Apr 18
- 1 min read
BVJ/မိုနာ_ ဧပြီ ၁၁၊ ၂၀၂၅

နောက်ဆက်တွဲ ငလျင်တွေလှုပ်ခတ်လို့ အိမ်ထဲမအိမ်ရဲကြဘဲ လမ်းမတွေပေါ်ထွက်အိပ်ရာကနေ အအေးမိပြီး လေဖြတ်သူတွေရှိနေတယ်လို့ ငလျင်ဒဏ်သင့်ဒေသက ပြည်သူတွေဆီကနေ သိရပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်စတဲ့ နေရာတွေမှာ မတ်လ ၂၈ရက် ၇.၇အင်အားရှိငလျင်ကြီးလှုတ်ခတ်ပြီးနောက်ပိုင်းမှာ နောက်ဆက်တွဲငလျင်တွေ လှုတ်ခတ်နေတာကြောင့် ဒေသခံတွေဟာ တိုက်ခန်း၊ အဆောက်အအုံ၊ နေအိမ်တွေထဲမအိပ်ရဲဘဲ နေအိမ်ပြင်ပထွက်အိပ်သူတွေ၊ လမ်းမပေါ် ထွက်အိပ်သူတွေအများအပြား ဒီနေ့အထိ ရှိနေပါတယ်။
“ရွာထဲက အသက်လေးဆယ်ကျော်အမျိုးသမီးတယောက် ညဘက်အပြင်ထွက်အိပ်ရင်း လေဖြန်းသွားတယ်။ မနက်ဆိုအရမ်းပူပြီး ညဆိုလေတွေကအရမ်းတိုက်တာ။ အဲ့ဒီမှာအအေးပတ်ပြီးဖြစ်သွားတာ။ အခုဘယ်သူမှအိမ်ထဲမအိပ်ရဲကြဘူး။ အပြင်ထွက်အိပ်ရင်တောင် လှုပ်ပြန်ပြီလားဆိုပြီး သတိနဲ့အိပ်နေကြရတာ” လို့ မန္တလေးတိုင်း၊ သာစည်မြို့နယ် သာဂရရွာက ဒေသခံကပြောပါတယ်။
အဲ့ဒီရွာဟာ ငလျင်လှုပ်ခတ်ခဲ့တဲ့ ၂၈ရက်နေ့မှာ ရှေးဟောင်းအဆောက်အအုံနဲ့ အုတ်တံတိုင်းပြိုကျလို့ ပိမိပြီး ဘုန်းကြီးတစ်ပါး၊ အမျိုးသမီးတစ်ဦး သေဆုံးထားတာဖြစ်ပါတယ်။
ဒီနေ့ ဧပြီလ ၁၁ ရက်၊ မနက် ၁၀း၅၉မိနစ်အချိန်ကလည်း မန္တလေးတိုင်း၊ သာစည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၅အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ကြေညာပါတယ်။
အဲ့ဒီငလျင်ကြောင့် မိတ္တီလာ၊ ဝမ်းတွင်း၊ သာစည်၊ မြစ်သားစတဲ့ နေရာတွေက သိသိသာသာခံစားလိုက်ရတယ်လို့ သိရပါတယ်။
“ဒီနေ့လှုပ်တာ အရှိန်အတော်ပြင်းတယ်၊ လူတွေလည်း လမ်းပေါ်ထွက်နေရ၊ ညဆိုလည်း လမ်းပေါ်ထွက်အိပ်ရနဲ့ ဘာမှကိုမလုပ်နိုင်ကြဘူး။ တခုခုဆိုလှုပ်ပြီးလားဆိုပြီး စိတ်ကထင်ပြီး လမ်းမပေါ် ပြေးနေကြရတယ်”လို့ ဝမ်းတွင်းဒေသခံတစ်ဦးက ပြောပါတယ်။
နောက်ဆက်တွဲ ငလျင်ငယ်တွေထပ်လှုပ်လာနိုင်တာကြောင့် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပြု နေထိုင်ဖို့တို့ကို NUGက သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူဦးရေ သုံးထောင်ကျော်သေဆုံးခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် အကြိမ် ၁၂၀နီးပါးလှုပ်ခတ်ပြီး ဖြစ်ပါတယ်။







Comments