ငလျင်ကြောင့် ကလေးငယ် ၇ ဦးနဲ့ ဆရာမတစ်ဦးသေဆုံးခဲ့တဲ့ မူကြိုကျောင်းဖြိုချမှုအတွင်း ကလေးငယ်တွေ ကျန်ရစ်ပစ္စည်းပြန်ရဖို့ မိဘတွေလာစောင့်ဆိုင်း
- BVJ
- Apr 24
- 1 min read
BVJ/ဇော်_ဧပြီ ၂၄ ၊ ၂၀၂၅

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ပန်းတောရပ်မှာရှိတဲ့ Bright Kid မူကြိုအဆောက်အအုံပြိုကျမှုအတွင်းမှာ ကလေးငယ်(၇)ဦးနဲ့ ဆရာမတစ်ဦး သေဆုံးခဲ့ပါတယ်။
ပြိုကျပျက်စီးနေတဲ့အဲ့ဒီမူကြိုကို နမ့်လတ်လူမှုကူညီကယ်ဆယ်ရေးအသင်းက ဒီနေ့မှာ ဖြိုဖျက်ပေးနေတာဖြစ်ပြီး ဖြိုဖျက်ချိန်မှာ သေဆုံးကလေးငယ်တွေရဲ့မိဘ၊ မိသားစုဝင်တွေဟာ ကလေးတွေရဲ့ ကျန်ရစ်ခဲ့တဲ့ကျောပိုးအိတ်၊ရေဘူး၊ ထမင်းချိုင့်၊ စာအုပ်စတာတွေကို ပြန်ယူဖို့ လာစောင့်ဆိုင်းနေတာရှိတယ်လို့ နမ့်လတ်လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရပါတယ်။
ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုအတွင်း သေဆုံးခဲ့တဲ့ကလေးငယ်တွေရဲ့ ကျန်ရစ်ပစ္စည်း အသုံးအဆောင်တွေကို မိဘတွေဆီပြန်ပေးအပ်ခဲ့ပြီး အခုဖြိုချတဲ့ မူကြိုကျောင်းဟာ စစ်ကိုင်းမြို့ ပန်းတောရပ်မှာရှိတဲ့ Bright Kid မူကြိုကျောင်းဖြစ်တယ်လို့လည်း နမ့်လတ်လူမှုကူညီကယ်ဆယ်ရေးအသင်းက Burma VJ ကို အတည်ပြုပြောပါတယ်။
“Bright Kid မူကြို နာမည်ကြီးကျောင်းမဟုတ်ဘူး။ သူဌေးဖွင့်ထားတဲ့ မူကြိုမဟုတ်ဘူး။ ဒီတော့ အကူညီမရကြဘူး။ ကျောင်းကလည်း အိမ်ငှားဖွင့်ထားတာ။ ဆရာမတွေလည်း သနားစရာ။ ဆရာမ တစ်ယောက်ဆိုရင် စိုးရိမ်ရတယ်။ ဆေးကုဖို့ခက်ခဲနေတယ်ပြောတယ်”လို့ နမ့်လတ်လူမှုကူညီကယ်ဆယ်ရေးအသင်းက ကိုစိုင်းသီဟနိုင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။
အင်းအားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့၊ ပန်းတောရပ်ကွက်မှာရှိတဲ့ Bright Kid မူကြိုကျောင်း အဆောက်အဦးပြိုကျပျက်စီးမှုအတွင်း အသက် ၂၁အရွယ် ဆရာမတစ်ဦးနဲ့ အသက် (၄)နှစ်နဲ့ (၅)နှစ် ရှိ ကလေးငယ်(၇)ဦး သေဆုံးခဲ့ရသလို မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ တကောင်းရပ်ကွက်မှာရှိတဲ့ Bright Kid မူကြိုကျောင်းပြိုကျမှုအတွင်းမှာလည်း ကလေးငယ် (၂၆)ဦးနဲ့ ဆရာမ (၁)ဦး သေဆုံးခဲ့ရပါသေးတယ်။
Comments