ငါးနှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့သူကို TNLA ဖမ်းဆီး
- BVJ

- Apr 30, 2025
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၈ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က ကျေးရွာတခုမှာ အသက် ၅ နှစ်အောက် မိန်းကလေးငယ်တစ်ဦးကို အမျိုးတော်စပ်သူအစ်ကိုက အဓမ္မပြုကျင့်ခဲ့တာကြောင့် ကျူးလွန်သူကို တအာင်းတပ်မတော် (TNLA)ကဖမ်းဆီးမိထားပြီလို့ သိရပါတယ်။
အခု ဧပြီ ၁၈ ရက်က ဝမ်းကွဲအစ်ကိုတော်စပ်သူ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက ၅ နှစ်အောက်ကလေးငယ်ကို လိမ်လည်ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့တာပါ။
ဒေသတွင်း သက်ငယ်မုဒိမ်းမှု ဖြစ်ပွားချိန်အစောပိုင်းက အမှုဖွင့်တိုင်ကြားမှု၊ အရေးယူမှုမျိုးတွေ မရှိခဲ့တာကြောင့် အဓမ္မပြုကျင့်သူကို အရေးယူပေးဖို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ပြီးနောက် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင့် တအာင်းတပ်မတော် (TNLA) က ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကလေးငယ်အတွက် ဆေးရုံမှာဆေးဝါးကုသမှုနဲ့ လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
“ကျူးလွန်တဲ့သူကိုတော့ TNLA ဘက်က ဖမ်းဆီးထားပြီးပြီ။ စပြီးတော့ တိုင်ကြားတဲ့သူအနေနဲ့ကတော့ ဒေသမှာရှိတဲ့ အမျိုးသမီးအဖွဲ့အနေနဲ့ စပြီးတော့ တိုင်ကြားတယ်။ အဲ့ကနေတဆင့် လက်ရှိမှာတော့ ကလေးရဲ့မိဘနဲ့အတူ ပူးပေါင်းမှုတွေတော့ စတင်လုပ်ဆောင်နေတာတွေရှိတယ်။ ကလေးငယ်ကတော့ ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေပါပြီ” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ပြန်ကြားရေးတာဝန်ခံ လွေးပကေးဂျားက Burma VJ ကို ပြောပါတယ်။
တအာင်းဒေသတွင်း မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုတွေကို ရာဇသတ်ကြီးပုဒ်မတွေနဲ့ စီရင်ဆုံးဖြတ်ပြီး ပြဏ်မှုအနေနဲ့ ထောင်ဒဏ်အနှစ် ၂၀ ကနေ သေဒဏ်အထိ ချမှတ်တာမျိုးတွေလည်းရှိတယ်လို့ လွေးပကေးဂျားက ဆက်ပြောပါတယ်။ အများအားဖြင့် သက်ငယ်မုဒိမ်းမှုတွေကို ထောင်ဒဏ် အနှစ် ၂၀ ထိ ချမှတ်တာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်ကို TWO အဖွဲ့က လိုအပ်တဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ပေးနေသလို ဒေသတွင်း အမှုတွေမှာ လျှို့ဝှက်တာတွေ၊ အမှုတွေ ကျေအေးနေတဲ့ အနေအထားမျိုးတွေရှိနေတာကြောင့် TWO အနေနဲ့လည်း ကလေးငယ်ရဲ့ တရားမျှတမှုအတွက် ဝိုင်းဝန်းပံ့ပိုးပေးနေတဲ့အနေအထားမျိုးတွေ၊ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။




Comments