ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင်တစ်ဦးအပါအဝင် ငါးဦးကို လက်နက်တွေနဲ့အတူ အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းမိ
- BVJ

- Jan 17, 2025
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၁၆ ၊ ၂၀၂၅

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မာမစ်ခရိုင်အတွင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF) က ခေါင်းဆောင်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ငါးဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိကြောင်း အိန္ဒိယရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အိန္ဒိယအခြေစိုက် The Print သတင်းဌာနက မနေ့က ဇန်နဝါရီ ၁၅ ရက်မှာ ဖော်ပြပါတယ်။
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ CNF ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်ငါးဦးကို အိန္ဒိယရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဖမ်းဆီးချိန် AK-47 ရိုင်ဖယ်သေနတ် (၆)လက်၊ ခဲယမ်းကျည် (၁၀၀၅၀)နဲ့ ကျည်ကပ် (၁၃) ခုတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး CNF တပ်ဖွဲ့ဝင်ငါးဦးကို ဖမ်းဆီးချိန်မှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့အတူ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကနဦးစစ်ဆေးမှုတွေအရ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ CNF တပ်ဖွဲ့နဲ့ ဘင်္ဂလာဒေ့ရှ်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ United People’s Democratic Front (UPDFP) တို့အကြား လက်နက်ရောင်းဝယ်မှုဖြစ်နိုင်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုဖမ်းဆီးရမိတဲ့ လက်နက်နဲ့ ခဲယမ်းအရေအတွက်ဟာ ဒေသတွင်းမှာ ပမာဏအများဆုံး ဖမ်းဆီးရရှိမှုဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို ခြိမ်းခြောက်မှုဖြစ်စေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ချင်းသတင်းဌာနတခုဖြစ်တဲ့ Zalen မှာတော့ ဖမ်းဆီးရမိသူဟာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် Pu Bil Cung ဖြစ်ပြီး သူဟာ CNF ရဲ့ CEC အဖွဲ့ဝင်နဲ့ စီးပွားကူးသန်းတာဝန်ယူထားသူဖြစ်တယ်လို့ ဖော်ပြပါတယ်။
အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ CNF ခေါင်းဆောင်တစ်ဦးနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။




Comments