ချင်းပြည်ကို တော်လှန်ရေးတပ်တွေ ၉၀ရာခိုင်နှုန်းခန့်စိုးမိုးပြီးဖြစ်တာကြောင့် ဒီနှစ်အတွင်း ပြည်နယ်တခုလုံး စစ်ကောင်စီကင်းစင်ရေး ရည်မှန်းထား
- BVJ

- Apr 24
- 1 min read
BVJ/မိုနာ_ ဧပြီ ၂၁၊ ၂၀၂၅

ချင်းပြည်နယ်ရှိ နေရာကိုးဆယ်ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးတပ်တွေစိုးမိုးပြီးဖြစ်တာကြောင့် ဒီနှစ် ၂၀၂၅ခုနှစ်အတွင်း ချင်းပြည်မှာစစ်ကောင်စီကင်းစင်ဖို့ ရည်မှန်းထားတယ်လို့ ချင်းအမျိုးသားတပ်ဦး-CNF/CNFရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ဒီနေ့ ဧပြီ ၂၁ရက်မနက်ပိုင်းက ပြုလုပ်တဲ့ CNF/CNA၊ CDF-KKG ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းပြည်နယ်ကိုတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းချိန်မှာ ပြန်လည်ဖြေကြားခဲ့တာပါ။
“ဟားခါး၊ တီးတိန်၊ ထန်တလန်၊ နောက် ကလေးအစပ်မှာရှိတဲ့ တီးတိန်မြို့နယ်ထဲက နေရာတွေမှာပဲ စစ်ကောင်စီက ရှိနေတာဖြစ်တယ်။ ဒီနေ့အနေအထားအရ သူတို့ကအပြင်ထွက်လို့ရတာမဟုတ်ဘူး။ ဒီနေ့အနေအထားက သူတို့ကထောက်ပို့ကို လေကြောင်းကနေ ချပေးတဲ့အနေရာအထားမှာပဲ ရှိတာမျိုးဆိုတော့ အဲ့ဒီလေးနေရာပဲရှိတယ်ဆိုတော့ ရာခိုင်နှုန်းအားဖြင့် စခန်းအနေနဲ့တော့ ကျနော်မတင်တတ်ဘူး။
ပြည်နယ်ရဲ့အနေအထားနဲ့ဆိုရင်တော့ ၈၀ရာခိုင်နှုန်းကျော် ၉၀နီးပါးက ကျနော်တို့ရဲ့တော်လှန်ရေးတပ်တွေ စိုးမိုးမှုအောက်ကိုကျရောက်နေပြီဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ အနိမ့်ဆုံး ဒီ၂၀၂၅မှာတော့ ချင်းပြည်မှာ စစ်ကောင်စီကင်းစင်ရေး ချထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကတော့ အတတ်နိုင်ဆုံးပြင်ဆင်မှုတွေကတော့ ကျနော်တို့လုပ်နေတယ်၊ လုပ်လည်းလုပ်နေပါပြီ”လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းအမျိုးသားတပ်မတော်-CNAက စစ်ရေးကွပ်ကဲခဲ့ပြီး CDF – KKGက Major Operationအဖြစ် ဦးဆောင်ပြုလုပ်တဲ့ စစ်ဆင်ရေးနှစ်လအတွင်းမှာ ကလေးနဲ့ဂန့်ဂေါမြို့နယ်အကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းတွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးတဲ့ ကြံသာကျေးရွာတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး အခုလိုသတင်းစာရှင်းပွဲပြုလုပ်လာတာ ဖြစ်ပါတယ်။
ကလေးတောင်ပိုင်း ကလေး - ဂန့်ဂေါလမ်းကြောင်းတလျှောက်ဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကြီးစိုးတဲ့ဒေသဖြစ်တာကြောင့် လွတ်လပ်စွာ ကုန်စည်သယ်ယူခွင့်တို့အတွက် အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်သလို နိုင်ငံရေးအရလည်း စစ်ကောင်စီလုပ်ဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် အားကောင်းတဲ့နေရာဖြစ်တာကြောင့် အဲ့ဒီဒေသကိုစစ်ရေးဖော်ဆောင်ရခြင်းဖြစ် တယ်လို့ စစ်ရေးဖော်ဆောင်ခဲ့တဲ့တပ်ဖွဲ့တွေက သတင်းစာရှင်းပွဲမှာပြောပါတယ်။







Comments