ခွင့်နဲ့ပြန်လာတဲ့လုပ်သားတွေ ပြည်ပပြန်ထွက်ဖို့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လိုတယ်လို့ စစ်ကောင်စီ ပြော
- BVJ

- Mar 19, 2025
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁၁ ၊ ၂၀၂၅

ပြည်ပနိုင်ငံတွေက ခွင့်နဲ့ပြန်လာတဲ့ မြန်မာနိုင်ငံသားများ ခွင့်ရက်စေ့ချိန် ပြည်ပပြန်ထွက်လိုပါက အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူမယ်လို့ စစ်ကောင်စီက ဒီနေ့ မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ထားပြီး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိမှသာ ပြည်ပပြန်ထွက်ခွင့်ပေးမယ်လို့လည်း ပြောထားပါတယ်။
ခွင့်ရက်စေ့ချိန် သက်ဆိုင်ရာပြည်ပနိုင်ငံကို ပြန်လည်ထွက်ခွာလိုပါက အွန်လိုင်းကနေတဆင့် လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ၅ ရက် ကြိုတင်အကြောင်းကြားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက စိစစ်ပြီးမှသာ ခွင့်ပြုမှာဖြစ်ပြီး စစ်ကောင်စီရဲ့ Safe Migration Telegram Channel ကနေ ခွင့်ပြုထားတဲ့လူနာမည်စာရင်းတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ လူစာရင်းတွေကို သက်ဆိုင်ရာလေဆိပ်တွေကို ပေးပို့ထားမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်တွေကို လာမယ့် မတ်လ ၁၇ ရက်မှာ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပြည်ပအလုပ်အကိုင်သမားသက်သေခံကတ် (OWIC) နဲ့ PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနဲ့ဖြစ်စေ မိမိအစီအစဉ် (ကျွမ်းကျင်အဆင့်) နဲ့ဖြစ်စေ အတည်ပြု အလုပ်ခေါ်စာများရရှိပြီးပါက ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာ အီမေးလ်လိပ်စာတွေကို ၅ ရက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ခွင့်ပြုချက်ရယူရမယ်လို့ ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားပြီး အတည်ပြုထားတဲ့ အလုပ်ခေါ်စာတွေအရ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ခွင့်ပြုချက်ရရှိထားပြီးသားသူတွေကိုလည်း စိစစ်ပြီး လာမယ့် မတ်လ ၂၀ ရက်မှာ OWIC ကတ် ပြန်လည်ထုတ်ပေးမှာဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက နိုင်ငံတွင်း လူငယ်လူလတ်ပိုင်းတွေကို ပြည်ပထွက်ခွာခွင့် တင်းကြပ်ထားပြီး စစ်မှုထမ်းသတ်မှတ်ချက် အကျုံးဝင်သူတွေကိုလည်း ပြည်ပထွက်ခွင့်ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။




Comments