ချင်းညီနောင်နဲ့ BPLA ပူးပေါင်းကာ စစ်ဆင်ရေးတွေဖော်ဆောင်မယ်
- BVJ

- Jan 31, 2025
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၃၀၊ ၂၀၂၅

ချင်းညီနောင်တပ်ဖွဲ့တွေနဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) တို့ စစ်ဆင်ရေးတွေပူးပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။
“BPLA နဲ့ ချင်းညီနောင်သော်လည်းကောင်း ကျနော်တို့ CNO/CNDF သော်လည်းကောင်း မဟာမိတ်ဆက်ဆံရေးရှိပါတယ်။ နောက်ပိုင်းကျရင် ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်သွားဖို့လည်းရှိမှာပါ။ အခုလက်ရှိအခြေအနေမှာကျတော့ တွေ့ဆုံဆွေးနွေးတဲ့အခြေအနေမှာ ရှိပါတယ်။ တကယ်လို့ လိုအပ်တယ်ဆိုရင် သူတို့နေရာဖြန့်ကျက်ထားတဲ့နေရာတွေမှာ ကျနော်တို့ပါဝင်နိုင်တဲ့ ကဏ္ဍကနေ စစ်ကိုင်း၊ မကွေးသော်လည်းကောင်း၊ ယောဒေသတို့ဘာတို့မှာလေ အားလုံးမဟာမိတ်တွေနဲ့အတူ ပူးပေါင်းပြီးတော့ ကျနော်တို့ချင်းညီနောင်နဲ့ BPLAတခုထဲမဟုတ်ဘဲနဲ့ တခြားမဟာမိတ်တွေနဲ့လည်း လုပ်ဆောင်သွားဖို့ရှိပါတယ်”လို့ ချင်းညီနောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့-CNDFရဲ့ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဆလိုင်းတင်မီထွဋ်က Burma VJ ကို ပြောပါတယ်။

BPLA နဲ့ CNDFတပ်ဖွဲ့တို့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေကြောင်းကို အခုလ ၂၅ရက်ကကျင်းပတဲ့ ချင်းညီနောင် စစ်ဆင်ရေးအတွက်အရေးပေါ် ရန်ပုံငွေရှာဖွေခြင်းပွဲမှာ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း ပြောထားပါတယ်။
ဒါ့အပြင် ချင်းညီနောင်အနေနဲ့ ချင်းပြည်နယ်အပြင် စစ်ကိုင်းနဲ့မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့မှာလည်း မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
“စကစကိုအတူတကွပူးပေါင်းတိုက်ခိုက်တဲ့အခါမှာ တိုင်းရင်းသားအချင်းချင်း တစ်ဖွဲ့နဲ့တဖွဲ့ စည်းလုံးညီညွတ်ပြီးတော့ တိုက်လို့ရှိရင် အောင်မြင်မှုတွေလည်းပဲ ပိုပြီးရလိမ့်မယ်လို့ ကျနော်တို့မျှော်မှန်းတယ်။ နောက်ပြီးတော့ ကျနော်တို့ ချင်းညီနောင်အနေနဲ့လည်း ကောင်းမွန်တဲ့မဟာမိတ်ဆက်ဆံရေးကို ကျနော်တို့ အနီးနားမှာရှိတဲ့အိမ်နီးနားချင်းတွေနဲ့ ကောင်းကောင်းလေးတည်ဆောက်ချင်တဲ့စိတ်ဆန္ဒရှိတယ်။ အဲ့ဒါကြောင့်မို့ ယောနယ်မှာဖြစ်ဖြစ်၊ ရခိုင်ပြည်မှာပဲဖြစ်ဖြစ် စစ်ကိုင်း၊မကွေးမှာပဲဖြစ်ဖြစ် တခြားတခြားသော ထိစပ်နေတဲ့ အထူးသဖြင့်ပထမအဆင့်ကတော့ ချင်းနဲ့ထိစပ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ကျနော်တို့တည်ဆောက်တာ ဖြစ်ပါတယ်”လို့ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ ချင်းကာကွယ်ရေး-မင်းတပ် (CDF–Mindat ) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland)၊ ချင်းကာကွယ်ရေး တပ် - ကန်ပက်လက် ( CDF – Kanpalet ) ၊ချင်းကာကွယ်ရေးတပ် - မတူပီ (တပ်မဟာ - ၁) နဲ့ မရာနယ်မြေအုပ် ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့တွေပူးပေါင်းထားတာဖြစ်ပြီး လက်ရှိမှာ ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဖော်ဆောင်နေပါတယ်။




Comments