ချင်းညီနောင်တပ်ဖွဲ့သိမ်းပိုက်ထားတဲ့မင်းတပ်မြို့ကို စစ်ကောင်စီ နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ
- BVJ

- May 16, 2025
- 1 min read
၁၃ နှစ်ကလေးနဲ့ ဒေသခံအမျိုးသမီးသေဆုံး
BVJ/ဇော် _ မေ ၁၆ ၊ ၂၀၂၅

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က မေလ ၁၅ရက် ညပိုင်းမှာထုတ်ပြန်ပါတယ်။
မနေ့က မနက်ကိုးနာရီခွဲအချိန်မှာ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) အတွင်းမှာရှိတဲ့ ကျေးရွာတရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးနဲ့ ၄၀ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျေးရွာစာသင်ကျောင်းအပါအဝင် နေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၁၆ ရက်နေ့ မနက် ကိုးနာရီခွဲအချိန်မှာလည်း မင်းတပ်မြို့၊ တိုက်နယ်အမှတ် (၁) တနေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး နှစ်လုံးလာကြဲချသွားပြီး ဒီရက်ပိုင်းခပ်စိပ်စိပ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လူစုလူဝေးရှောင်ကြဖို့ မင်းတပ်မြို့ ဒေသခံ ကိုဟာကလေးက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
မင်းတပ်မြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်နေမှုအခြေအနေနဲ့ပတ်သက်ပြီး Burma VJ က ဒေသခံတွေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၁ရက်မှာအပြီးသတ်သိမ်းယူနိုင်ခဲ့တဲ့နောက်ပိုင်း ၂၀၂၅ ဖေဖော်ဝါရီကနေ မေလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။












Comments