ကလေးမြို့ ကံသာရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ
- BVJ
- Apr 24
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၁၂ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာက စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ ဧပြီ ၁၁ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ထုတ်ပြန်ထားပါတယ်။
ကြံသာရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ ပူးပေါင်းတပ်စွဲထားတာဖြစ်ပြီး စစ်ကောင်စီဘက်က ပျူစောထီးအပါအဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ချင်းဒေသတွင်း သတင်းဌာနအချို့က ဖော်ပြထားပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကြံသာရွာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့မှုနဲ့ပတ်သက်ပြီး ABSDF ပြန်ကြားရေးတာဝန်ခံ ကိုကျော်လင်းကို Burma VJ က ဆက်သွယ်မေးမြန်းခဲ့ရာမှာ “အသေးစိတ်တော့ မထုတ်ပြန်သေးဘူး” လို့ ပြန်လည်ဖြေကြားထားပါတယ်။
ကလေးမြို့ ကြံသာရွာတပ်စခန်းကို ထိုးစစ်ဆင်သိမ်းယူမှုတွင် ABSDF အမှတ် ၃ စစ်ကြောင်း တပ်ရင်း ၁၂ နဲ့အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး-ကဘော်-ဂန့်ဂေါ) KKG-CDF ၊ ဟံသာဝတီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ CDF-SIYIN ၊ ကလေးခရိုင်စစ်ဒေသ ထန်တလန် DR အဖွဲ့တွေနဲ့ ပူးပေါင်းသိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ ကမ်းပါးနီ (ကဘနီ) တပ်စန်းနဲ့ ကာကင်းစခန်းတွေကို CDF-KKG ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၂ ရက်မှာ သိမ်းယူထားနိုင်ခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း မှန်တောရွာ၊ အောင်သာယာရွာနဲ့ ယင်းရွာနှစ်ခုကြားက စစ်ကောင်စီတပ်စခန်းကိုလည်း ဒေသတော်လှန်ရေးတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ပါသေးတယ်။
Comments