top of page

ကရင်နီပြည် အုပ်ချုပ်ရေးနဲ့ကဏ္ဍအသီးသီးမှာ ချမှတ်ထားတဲ့မူဝါဒအတိုင်း အမျိုးသမီးပါဝင်မှုရှိနေဟု ဆို

  • Writer: Zayar Oo
    Zayar Oo
  • Dec 17, 2024
  • 1 min read

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၁၇ ၊ ၂၀၂၄


ကရင်နီပြည်နယ်အတွင်း ကြားကာလ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စတဲ့ ကဏ္ဍာအသီးသီး အလွှာအဆင့်ဆင့်မှာ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းရှိပြီး လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ လိင်စိတ်ကွဲပြားမှု၊ ထိခိုက်လွယ်မှုတို့အပေါ် အခြေမခံဘဲ တန်းတူအခွင့်အရေးရှိရမယ်ဆိုတဲ့ မူဝါဒ ချမှတ်ထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးပလုရယ်က ပြောပါတယ်။


အုပ်ချုပ်ရေးကဏ္ဍမှာလည်း အောက်ခြေကနေ အလွှာတိုင်း၊ အဆင့်တိုင်းမှာလည်း အမျိုးသမီးပါဝင်ပတ်သက်မှု၊ ဆုံးဖြတ်ပိုင်ခွင့်ရှိမှုကို ၃၀ ရာခိုင်နှုန်းထားရှိထားပြီး ကြားကာလ အတိုင်ပင်ခံကောင်စီကိုလည်း အမျိုးသမီးကိုယ်စားပြု အစုအဖွဲ့အပါအဝင် အစုအဖွဲ့ကြီး ၅ ခုနဲ့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။


“ကရင်နီပြည် ကြားကာလအစီအမံမှာ ဂျဲန်ဒါတန်းတူညီမျှမှုပေါ့လေ၊ ဥပမာ အမျိုးသမီးပါဝင်မှုနဲ့ပတ်သက်ပြီး အလွှာတိုင်း၊ အဆင့်တိုင်း ဆုံးဖြတ်ချက်ချတဲ့နေရာတိုင်းမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါရမယ်ဆိုတဲ့ အခြေခံမူကိုလည်း ကရင်နီပြည် ကြားကာလအစီအမံမှာ ချမှတ်ထားပြီးသား ဖြစ်တယ်ပေါ့နော်။ လိင်၊ လူမျိုး၊ ဘာသာ စတာကို အခြေမခံဘဲနဲ့ တကယ်တမ်းပဲ သင့်လျော်တဲ့ လူတွေ၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ မည်သူမဆို သူ့ရဲ့အခွင့်အရေးနဲ့အညီ သက်ဆိုင်ရာအလွှာတိုင်း ဌာနတိုင်း အဆင့်ဆင့်သော ကဏ္ဍတိုင်းမှာ တန်းတူညီမျှ ပါဝင်ခွင့်ရှိမယ်ဆိုတဲ့ဟာမျိုးတွေကို အားလုံးက တတ်နိုင်သမျှ ဝိုင်းပြီးမှ ဖော်ဆောင်နေကြပါတယ်”လို့ ခူးပလုရယ်က Burma VJ ပြောပါတယ်။



ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ကလည်း လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအတွင်း ကျား၊ မ အခြေပြု ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှတဲ့အခွင့်အရေး ရရှိစေဖို့နဲ့ ဖော်ဆောင်နိုင်ဖို့အတွက် ဂျဲန်ဒါ (Gender) တန်းတူညီမျှရေးဌာနကို ဖွဲ့စည်းလိုက်တယ်လို့ အခု ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။ KNDF တပ်ရင်းတပ်ဖွဲ့တွေအတွင်း အမျိုးသမီး တန်းတူအခွင့်အရေးတွေကို ဖော်ဆောင်နေပြီး လိင်စိတ်ခံယူကွဲပြားသူ၊ LGBT တွေလည်း တာဝန်ထမ်းဆောင်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


“၂၀၂၂ ခုနှစ်ကတည်းက ဒီဂျဲန်ဒါကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေ ရှိခဲ့တယ်။ ကျား/မ တန်းတူရေးကိစ္စတွေကိုတော့ KNDF ရဲ့ မူဝါဒတွေထဲမှာတော့ ခွဲခြားဆက်ဆံမှုတွေ မပြုလုပ်ရဘူးဆိုတာကတော့ မူဝါဒတွေထဲမှာ ထားရှိခဲ့တာမျိုးရှိတယ်။ အမျိုးသမီး တန်းတူအခွင့်အရေးနဲ့ပတ်သက်ပြီး KNDF က ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ လိင်စိတ်ခံယူကွဲပြားတဲ့သူတွေ၊ LGBT တွေ စသဖြင့်ပေါ့နော် KNDF မှာ ပါဝင်ထမ်းဆောင်နေတာတွေ ရှိပါတယ်” လို့ KNDF သတင်းပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးကလည်း ပြောပါတယ်။




KNDF တပ်ဖွဲ့ရဲ့ ဂျဲန်ဒါန်တန်းတူညီမျှရေးဌာနဖွဲ့စည်းမှုအပေါ် IEC ကလည်း ကြိုဆိုထောက်ခံခဲ့ပြီး အုပ်ချုပ်ရေးကဏ္ဍနဲ့ ယှက်နွယ်ပြီး ကာကွယ်ရေးကဏ္ဍမှာလည်း အမျိုးသမီးတွေကို တန်းတူဆုံးဖြတ်ပိုင်ခွင့်နဲ့ အဆင့်တိုင်း အလွှာတိုင်းမှာ ပိုပြီးတော့ ပါဝင်လုပ်ဆောင်လာနိုင်ဖို့ အားလုံး ပူးပေါင်းအကောင်အထည် ဖော်ကြတာဖြစ်တယ်လို့လည်း IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။


KNDF လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအတွင်း ဂျဲန်ဒါတန်းတူညီမျှရေးဌာန ဖွဲ့စည်းခဲ့မှုအပေါ် အမျိုးသမီးအခွင့်အရေး လုပ်ဆောင်နေတဲ့ Sisters 2 Sisters အဖွဲ့ကလည်း ကြိုဆိုခဲ့ပြီး ကရင်နီပြည်နယ်နည်းတူ အခြားဖက်ဒရယ်ယူနစ်အသီးသီးမှာလည်း လက်တွေ့ဆောင်ရွက်တဲ့ ဌာနတွေဖွဲ့စည်းပြီး ဘဏ္ဍာငွေချမှတ်ပြီးတော့ ဆောင်ရွက်တာမျိုး၊ တကယ်စစ်စစ်မှန်မှန် အဓိပ္ပာယ်ပြည့်ဝတဲ့ ဂျဲန်ဒါတန်းတူရေးကို ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်တာမျိုးတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ Sisters 2 Sisters ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်ကလည်း Burma VJ ကို ပြောပါတယ်။#

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page