ကရင်နီပြည်လူထုလုံခြုံရေးအတွက် ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်လုပ်ဆောင်တာလို့ IEC ပြော
- BVJ

- Feb 13, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၅

ကရင်နီပြည်အတွင်း ခရီးသွားပြည်သူတွေနဲ့လာရောက်အလုပ် လုပ်ကိုင်နေသူတွေအတွက် ဝင်ရောက်သွားလာခွင့်နဲ့ပတ်သက်ပြီး “ပြည်နယ်ခြားဖြတ်သန်းခွင့်” ကတ်ကို လုပ်ဆောင်ရမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ကောင်စီ (IEC) ပြည်ထဲရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနက အခုလ ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကရင်နီပြည် လုံခြုံရေး၊ ခရီးသွားပြည်သူလုံခြုံရေးနဲ့ စနစ်တကျ သွားလာနိုင်ရေးအတွက် ကရင်နီပြည်နယ်သားမဟုတ်တဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ဝင်ထွက်သွားလာခွင့်ကို “ပြည်နယ်ခြားဖြတ်သန်းခွင့်”ကတ်နဲ့ ကြီးကြပ်ကန့်သတ်သွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
“ပြည်နယ်ခြားဖြတ်သန်းခွင့်”ကတ်ပြုလုပ်မှာနဲ့ပတ်သက်ပြီး IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က “အဓိကကတော့ အလုပ်လာလုပ်တဲ့သူတွေ။ ဝင်ထွက်သွားလာတဲ့သူတွေက များလာပြီးတော့မှ ခွဲခြားရခက်တဲ့ဟာမျိုးတွေဖြစ်လာတော့ ဒီလိုစီစဉ်တယ်၊ စပြီးလုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါက အုပ်ချုပ်ရေးဘက်ကနေ လုပ်ရမယ့်ဟာပါပဲ။ အဓိကကတော့ လူထုလုံခြုံရေးနဲ့ အားလုံးအတွက် အဆင်ပြေဖို့ပါပဲ၊ ကန့်သတ်တာမျိုးတော့ မဟုတ်ပါဘူး။ လွတ်လပ်စွာ ဝင်ထွက်သွားလာလို့ရတယ်။ စနစ်တကျရှိဖို့နဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးဖို့ပါပဲ” လို့ Burma VJ ကို ပြောပါတယ်။
ကရင်နီပြည်အတွင်း ဝင်ရောက်လာသူတွေဟာ သက်ဆိုင်ရာဌာန၊ ဒေသန္တရအုပ်ချုပ်ရေးတွေက ခွင့်ပြုသတ်မှတ်ထားတဲ့နေရာတွေကို သွားလာခွင့်ရရှိမှာဖြစ်ပြီး ကာကွယ်ရေးတပ်တွေရဲ့ တားမြစ်နယ်မြေတွေ၊ စစ်ဆင်ရေးနယ်မြေတွေကိုတော့ သွားခွင့်ရမှာမဟုတ်ဘူးလို့လည်း ခူးပလုရယ်က ဆက်ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်အတွင်း အစောပိုင်းကာလကတည်းက ရောက်ရှိနေတဲ့ တခြားတိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအဖွဲ့တွေမှာ ပူးပေါင်းပါဝင်နေသူတွေ၊ စစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီနေသူအတွက် ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်နဲ့ပတ်သက်ပြီး အခြားပုံစံတစ်မျိုးနဲ့ သီးသန့်ဆောင်ရွက်ပေးတာမျိုးတွေ ရှိနိုင်မယ်လို့လည်း ခူးပလုရယ်က ပြောပါတယ်။
ပြည်နယ်ခြားဖြတ်သန်းခွင့် လုပ်ဆောင်တာဟာ ဒေသလုံခြုံရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပြီး လက်ရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ နှိမ်နင်းမှုတွေ လုပ်ဆောင်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ ဒုစရိုက်မှုတွေ ဒေသတွင်း ဝင်ရောက်မလာအောင်သတိထားပြီး ကာကွယ်တားဆီးနိုင်အောင် ပြင်ဆင်ဆောင်ရွက်နေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ကရင်နီပြည်အတွင်း ဝင်ရောက်လိုသူတွေအနေနဲ့ ပြည်နယ်ခြားဖြတ်သန်းခွင့်ကို ကရင်နီပြည် ဒေသဆိုင်ရာတာဝန်ရှိသူတွေထံမှာ လုပ်ဆောင်ရမှာဖြစ်ပြီး အခုကတ်ပြားမပါရှိပါက ကရင်နီပြည်အတွင်း ဖြတ်သန်းခွင့်ပြုမှာမဟုတ်တော့ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် ကရင်နီပြည်အတွင်းကနေ ပြန်လည်ထွက်ခွာချိန်မှာ အဲ့ဒီကတ်ပြားကို ပြန်လည်အပ်နှံခဲ့ရမယ်လို့ဖော်ပြထားပြီး ဒါဟာ ဒေသတွင်း နေထိုင်ခွင့်လက်မှတ် မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။




Comments