ကယ်ဆယ်ရေးတာဝန်တွေပြီးဆုံးလို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး မြန်မာကနေ ပြန်ထွက်
- BVJ
- Apr 18
- 1 min read
BVJ/မိုနာ_ ဧပြီ ၉၊ ၂၀၂၅

ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်တပ်သားတွေပါဝင်ဖွဲ့စည်းထားတဲ့ တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ရဒေသ ကယ်ဆယ်ရေးအဖွဲ့တို့ဟာ ဒီနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်ထွက်သွားပြီလို့ တရုတ်သံရုံးက ကြေညာပါတယ်။
နိုင်ငံတကာကယ်ဆယ်ရေးတာဝန်များပြီးဆုံးလို့ နေပြည်တော်ကနေ ဒီနေ့မနက် ကိုးနာရီမှာ တရုတ်လေတပ်ရဲ့ Y-20 လေယာဉ် လေးစင်းနဲ့ ပြန်ထွက်လာတာဖြစ်တယ်လို့ တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အဖွဲ့က ဂုဏ်ပြုပေးခဲ့သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သွားရောက်အားပေးနှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံငလျင်ဘေးအတွင်း ပြိုကျအပျက်အစီး အဆောက်အအုံတွေအောက်ကနေ ဧပြီလ ၆ ရက်နေ့အထိကို တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်သူ (၉)ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ ၂၈ရက်က မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ ပြင်းအား၇.၇ငလျင်ကြောင့် အဆောက်အဦး၊နေအိမ်၊ ကွန်ဒိုတွေပြိုကျပျက်စီးခဲ့ပြီး လူတွေပိမိ၊ ပိတ်မိကုန်ကျတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်ဖို့ ရုရှား၊တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလိစ်ပိုင်၊ ဘီလာရုစ်စတဲ့နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေ ဝင်ရောက်လာပြီး အဲ့ဒီနိုင်ငံတကာအဖွဲ့တွေနဲ့အတူ မြန်မာမီးသတ်တပ်ဖွဲ့၊ ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ ပူးပေါင်းရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေထဲက ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာပြည်တွင်းကနေ ပြန်ထွက်သွားပြီ ဖြစ်ပါတယ်။
Comments