“ကမ္ဘာမကြေဘူး” သီချင်းရေးခဲ့တဲ့ တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်
- BVJ

- Feb 10, 2025
- 1 min read
"ကမ္ဘာမကြေဘူး …… ငါတို့တွေရဲ့ သွေးနဲ့ရေးတဲ့မော်ကွန်းတွေ ...
တော်လှန်ရေး...... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော...."
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၇ ၊ ၂၀၂၅

ရှစ်လေးလုံးအရေးအခင်းကာလနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန် ထင်ရှားလူသိများခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်းကို ရေးစပ်ခဲ့သူ တေးရေးဆရာ နိုင်မြန်မာ (ခ) ဦးနိုင်ဦးမြင့် ရန်ကုန်တိုင်း သန်လျင်မြို့က နေအိမ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်ခဲ့မှုနဲ့ပတ်သက်ပြီး ချွေးမတော်စပ်သူ အဆိုတော် ဗျူဟာရဲ့ဇနီး မခင်ချစ်ကြင်ကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ “အပါး ဦး(နိုင်မြန်မာ) ဒီမနက်မှာပဲ ကွယ်လွန်ပါတယ်၊ ငြိမ်းချမ်းသွားပါပြီ အပါး၊ လွတ်လပ်သွားရပါပြီ အပါးရေ” လို့ ရေးတင်ထားပါသေးတယ်။ တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်ချိန် အသက် ၆၈ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ကို ဂီတနဲ့ပါတော်လှန်ခဲ့သူ တေးရေးဆရာ နိုင်မြန်မာက ဒီသီချင်းနဲ့ပတ်သက်ပြီး “ကျနော်ဒီသီချင်းကို ရေးတဲ့ခံစားချက်ကတော့ ပြည်သူလူထုရဲ့ ခံစားချက်ပါပဲ။ အဓိက ဖြစ်တဲ့ စိတ်ကတော့ ဘာမှမရှိဘဲ လက်နက်မဲ့ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုနေတဲ့ ပြည်သူလူထုကြီး လက်ထဲကို တခုခု ထည့်ပေးချင်တာပါ။ သူတို့စိတ်ဓာတ်ကို မြှင့်တင်ပေးမယ့် အရာတခု၊ သူတို့ စိတ်အားမငယ်စေအောင် ကျနော် တတ်နိုင်တဲ့ အနုပညာနဲ့ သီချင်းရေးပြီး ကျောင်းသားတွေ လက်ထဲကို ထည့်ပေးခဲ့တာပါပဲ” လို့ ၂၀၁၃ ခုနှစ်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားထားပါသေးတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန် နိုင်မြန်မာရဲ့သားဖြစ်သူ အဆိုတော်ဗျူဟာကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄ (က) တို့နဲ့ မတရား ဖမ်းဆီးတရားစွဲဆိုထားပြီး ထောင် အနှစ် ၂၀ ချမှတ်ထားပါတယ်။
တေးရေးဆရာ နိုင်မြန်မာဟာ “ကမ္ဘာမကြေဘူး” သီချင်းအပြင် ကိုယ်ပိုင်သံစဉ် တေးသီချင်းပေါင်းများစွာကို ရေးစပ်ခဲ့ပြီး ထင်ရှားခဲ့တဲ့ သီချင်းတွေထဲမှာ “ဝါဆို”၊ “မြစန်းကြည်” “ချစ်လူမိုက်”၊ “ဒုံးယိမ်းည” စတဲ့ သီချင်းတွေလည်း မြန်မာပြည်သူတွေကြားမှာ ယနေ့တိုင် ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။ ဒီနေ့ချိန်ထိ စစ်အာဏာရှင် တော်လှန်ရေးပြည်သူတွေကြား ပျံ့နှံ့သီဆိုနေတဲ့ “ကမ္ဘာမကြေဘူး” သီချင်းဟာ အမေရိကန်ရော့ခ်ဂီတ Kansas အဖွဲ့ ရဲ့ နာမည်ကျော်သီချင်း Dust in the Wind ကနေ သံစဉ်ယူကာ သီချင်းစာသားကို တေးရေးဆရာ နိုင်မြန်မာက ထည့်သွင်းရေးစပ်ခဲ့တာလည်း ဖြစ်ပါတယ်။












Comments