ကူမင်းမှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန် စစ်ကောင်စီက နောင်ချိုကို ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်
- BVJ

- Feb 16, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၅

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့အတူ လက်ရှိစစ်ရေးပြဿနာတွေကို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ တအာင်းတပ်မတော် (TNLA) ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်ရှိနေချိန် နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီက Y12 လေယာဉ်အပါအဝင် လက်နက်ကြီးတွေကို အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA က ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
တောင်ခမ်းအခြေစိုက် စစ်ကောင်စီ အမှတ် ၄၀၆ ခြေမြန်တပ်ရင်း၊ အမှတ် ၃၅၄ အမြောက်တပ်ရင်းနဲ့ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်တို့ကနေ နောင်ချိုမြို့နယ် နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနဲ့ တောင်ရွှေကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ဗုံးအလုံးရေ ၁၃၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နေ့လည် ၂ နာရီဝန်းကျင်မှာ Y12 လေယာဉ်ကို အသုံးပြုပြီး နောင်ချိုမြို့နယ် နာဆွေကျေးရွာကို စစ်ကောင်စီက ဗုံးအလုံးရေ ၃၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း PSLF/TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။ နောင်ချိုမြို့ကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှု အခြေအနေနဲ့ပတ်သက်ပြီး TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်မှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော် (PSLF/TNLA) ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်အပါအဝင် ကိုယ်စားလှယ် ၉ ဦးဟာ စစ်ကောင်စီ အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ ကူမင်းမြို့မှာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးနဲ့ အခြားကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။




Comments