top of page

ကျားဖြန့်တရုတ်တွေ လာနေပြီ

  • Writer: BVJ
    BVJ
  • Jan 31
  • 3 min read

◾အေတီ

ဓာတ်ပုံ-ပေးပို့
ဓာတ်ပုံ-ပေးပို့

ကရင်ပြည်နယ် ဘုရားသုံးဆူဒေသတဝိုက်မှာ နေတဲ့သူတွေကြားမှာ အခုရက်ပိုင်း လူပြောအများဆုံးအကြောင်းက မြဝတီမြို့နဲ့ ရွှေကုက္ကိုဒေသက ကျားဖြန့်တရုတ်တွေ သူတို့ဘက်ကို ပြောင်းလာနေပြီဆိုတဲ့သတင်းပါ။


တကယ်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်သူဌေးတွေ ဘုရားသုံးဆူမြို့ဘက်ကို ပြောင်းလာနေတဲ့အကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးက Burma VJ ကို အတည်ပြုပါတယ်။

 

“မြဝတီမြို့နယ် ကျောက်ခက်ဒေသ DKBA ထိန်းချုပ်ထားတဲ့ ဒေသကတဆင့် ဘုရားသုံးဆူဘက်ကို လာနေကြတာ။ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ မြို့အပြင်ဘက် DKBA တပ်ဖွဲ့နေရာတွေမှာ ထားတယ်။ မြို့ထဲမှာတော့ တရုတ်တွေအတွက် စားသောက်ဆိုင်၊ သူတို့ဒေသထွက် စားသောက်ကုန်တွေ၊ သူတို့ကိုယ်တိုင်ဖွင့်ထားတဲ့ အလှပြင်ဆိုင်တွေ ရောက်လာပြီ။ သူတို့ကို သယ် လာပေးတာက DKBA တပ်ဖွဲ့ကလူတွေ။ မြို့အပြင်ဘက်မှာ ရာဘာခြံတွေဝယ်ပြီး ရေသန့်စက်ကအစ အဆောက်အဦးတွေပါ ဆောက်နေကြပြီ။ ကျားဖြန့်တရုတ်တွေကို မြို့တွင်းမှာ မရှိ‌စေချင်လို့ မြို့ပြင်မှာ လုပ်စေချင်တဲ့ သဘောပဲ"


ကျားဖြန့်လုပ်ငန်းဟာ အရင်က ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုမှာ ပထမဆုံးအခြေချပြီး၊ DKBA တပ်ဖွဲ့ ထိန်းချုပ်ရာ မြဝတီမြို့နယ် ကျောက်ခက်ဒေသမှာ ဒုတိယအကြီးဆုံး ကျားဖြန့် လုပ်ကွက်အနေနဲ့ ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီကနေ နောက်ဆုံးတော့ ကျားဖြန့်တရုတ်တွေ ဘုရားသုံးဆူမြို့ဘက်ကို အရှိန်အဟုန်နဲ့ ပြောင်းလာနေကြပါတယ်။


DKBA တပ်ဖွဲ့ ပါဝင်ပတ်သက်မှု


အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကျားဖြန့်တရုတ်တွေ ဘုရားသုံးဆူမှာ ရွှေ့ပြောင်း အခြေချနိုင်ဖို့ DKBA တပ်က အဓိကပံ့ပိုးကူညီနေတဲ့အကြောင်းကိုလည်း ဒေသခံတွေက အတည်ပြုပြောပါတယ်။ DKBA တပ်ဖွဲ့နဲ့ ဘုရားသုံးဆူမြို့ ဆက်စပ်ပတ်သက်နေပုံကိုလည်း မြို့ခံတစ်ဦးက အခုလို ရှင်းပြပါတယ်။

ဓာတ်ပုံ-ပေးပို့
ဓာတ်ပုံ-ပေးပို့

“ဘုရားသုံးဆူမြို့တွင်း လုံခြုံရေးနဲ့ နယ်စပ်ဂိတ်တွေ အပါအဝင် စီးပွားရေးလုပ်ငန်း အတော်များ များကို DKBA အမှတ် ၂ စစ်ဗျူဟာမှုး ဗိုလ်အေဝမ်းအဖွဲ့က လုပ်ခွင့်ရထားတယ်။ အရင်က ဘုရားသုံး ဆူမှာ KNU, PC, DKBA, BGF, Mon အဖွဲ့ ၅ ဖွဲ့အုပ်ချုပ်တယ်။ အခုတော့ BGF မရှိတော့ ၄ ဖွဲ့ပဲရှိတော့ပေမယ့် ဒေသတွင်းလုပ်ပိုင်ခွင့်အများစုကို DKBA ကိုပေးထားတယ်။ အိမ်ရှင် KNU ကို သူက အခွန်ပြန်ပေးရတယ်။ ရွှေကုက္ကို ၊ မြဝတီက ကျားဖြန့်တရုတ်တစ်ယောက်ကို ဘုရားသုံးဆူ အရောက်သယ်ခ ဘတ်တစ်သိန်း လောက်ပေးရတယ်။ DKBA တွေကပဲ သယ်ပေးနေကြတာ။ ကျားဖြန့်တရုတ်တွေ နေထိုင်ရေး၊လုံခြုံရေး၊လုပ်ကွက်အားလုံး သူတို့တာဝန်ယူလုပ်ပေးနေတယ်”


တကယ်တော့ ကျားဖြန့်တရုတ်တွေ ဘုရားသုံးဆူမြို့ဘက်ကို ပြောင်းရွှေ့လာတဲ့ကိစ္စဟာ အခုမှ စတာတော့မဟုတ်ပါဘူး။ ရွှေကုက္ကိုမြို့က လောင်းကစားရုံတွေ နှိမ်နင်းခံရတော့မယ်လို့ ပထမအကြိမ် အသံထွက်ပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူရဲ့ BGF တွေကလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ လစာဆက်မယူတော့ဘူးလို့ ပြောကတည်းက စရွှေ့လာခဲ့ကြတာပါ။ ဒါပေမယ့် အခုတကြိမ်ကတော့ သိသိသာသာကြီး ပိုဝင်လာကြတာဖြစ်ပါတယ်။


စောချစ်သူနဲ့ ကျားဖြန့်


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နဲ့ အွန်လိုင်းလောင်း ကစားလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေအားလုံး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားထွက်ခွာကြဖို့ ၂၀၂၄ခုနှစ် မေလ၃ရက်နေ့မှာ ဗိုလ်မှူး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။


ဒါပေမယ့် ၂၀၂၄ အောက်တိုဘာလမှာ ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေ ထွက်သွားဖို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ကိုယ်တိုင်ပြောခဲ့ပေမဲ့ နိုဝင်ဘာလမှာ လုပ်ငန်းတွေ ပိုတိုးချဲ့လာတာတွေ့ရတယ်လို့ BGF နဲ့ နီးစပ်သူတစ်ဦးက ပြောထားပါတယ်။


ရွှေကုက္ကိုနဲ့ ပတ်သက်သူ BGF ခေါင်းဆောင် စောချစ်သူအပါအဝင် တရုတ်အစိုးရက အလိုရှိနေတဲ့ ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်း She Zhijang နဲ့ စောမင်းမင်းဦးတို့ကို ယူကေအစိုးရက အရေးယူပိတ်ဆို့ဖို့ အမိန့်ချမှတ်ထားပါတယ်။

ဓာတ်ပုံ-ပေးပို့
ဓာတ်ပုံ-ပေးပို့

BGF တပ်ဖွဲ့က ဗိုလ်မှူးကြီး စောမင်းမင်းဦးဟာ စောချစ်သူရဲ့လူယုံတစ်ဦးဖြစ်ပြီး BGF တပ်ဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်း ၇ ခုမှာ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင်ထားကဲ့ ဒါရိုက်တာတစ်ဦးလို့ သိရပါတယ်။ ဒါ့အပြင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းလုပ်ကိုင်ခွင့်ရထားတဲ့ ရထိုက်ကုမ္ပဏီ (Myanmar Yatai International Holding Group) ဘုတ်အဖွဲ့ BGF ကိုယ်စား လှယ်တစ်ဦးဖြစ်ပါတယ်။


ကျားဖြန့်ခေါင်းဆောင်လို့ လူအများစုကသိထားတဲ့ မြဝတီရွှေကုက္ကို မြို့သစ်စီမံကိန်းလုပ်ပိုင်ခွင့်ရ ရထိုက်ကုမ္ပဏီဥက္ကဌ ရှီကျီကျန်း She Zhijang ကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ခုနှစ် သြဂုတ်လ ၁၃ရက် နေ့မှာ ဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ပါတယ်။ ရှီကျီကျန်းဟာ တရုတ်နိုင်ငံသား နိုင်ငံကူးလက်မှတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား နိုင်ငံကူးလက်မှတ်နှစ်မျိုးကိုင်ထားတဲ့အတွက် တရုတ်နိုင်ငံကကော ကမ္ဘောဒီးယား နိုင်ငံကပါ လွှဲပြောင်းပေးဖို့ တောင်းဆိုခံထားရပါတယ်။


မြဝတီမြို့နယ်ထဲက (ကျားဖြန့်)ဂိုဏ်းတွေကို နှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးဖော်ဆောင်တော့မယ်လို့ ကူမင်းမြို့ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုး ရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) မှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ပြီးနောက် ပြောင်းရွှေ့မှုတွေ သိသိသာသာ စ ဖြစ်လာခဲ့တာပါ။ ကရင်ပြည်နယ် မြန်မာပြည်နယ်စပ်မြို့တွေမှာ အခြေစိုက်တဲ့ ကျားဖြန့် ဂိုဏ်း တွေကို အပြီးသတ်နှိမ်နင်းဖို့ တရုတ်အစိုးရက ဆုံးဖြတ်ထားပုံရပြီး မြန်မာဘက်ခြမ်းက ရွှေကုက္ကိုမြို့ကို ထိုင်းဘက်ခြမ်းကနေ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr Liu Zhongyi က ဇန်နဝါရီ ၂၉ ရက်မှာ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။


နယ်စပ်မြို့ ဘုရားသုံးဆူ


ဘုရားသုံးဆူမြို့ဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်း ဆိပ်ကြီး မြို့နယ်တွင်း ပါဝင်တဲ့ မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်တယ်။ ပြီးတော့ ထိုင်းနိုင်ငံ ဆန်ခပူရီခရိုင်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်မြို့လည်းဖြစ်ပါတယ်။ ဘုရားသုံး ဆူမြို့အတွက် လျှပ်စစ်မီးနဲ့ရေကို ထိုင်းကနေ မြပန်းကုမ္ပဏီက တဆင့်ဖြန့်ဖြူးပေးနေတယ်လို့ သိရပါတယ်။


“သုံးဆူမှာ ရေနဲ့မီးက ဟိုးအရင်ကထဲက ထိုင်းကရနေတာ။ သုံးဆူတစ်မြို့လုံးရဲ့ မီးကိုထိုင်းကနေပြီး မြပန်းကုမ္ပဏီက တဆင့်ဖြန့်ပေးတယ်။ ဟိုးနဝတလက်ထက်ကထဲက သုံးဆူခရိုနီတွေက ပိုင်တယ် လို့ ကြားတယ်။ ထိုင်းဘက်က လျှပ်စစ်မီးဖြတ်လိုက်ရင် တရုတ်တွေကတော့ မီးစက်တွေသုံးမှာပေါ့။ ဒေသခံတွေက အမှောင်ထဲနေပေါ့”လို့ ဘုရားသုံးဆူ နောက်ထပ်မြို့ခံတစ်ဦးကပြောပါတယ်။


မြန်မာနယ်စပ်မြို့တွေကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးရောင်းချနေတာတွေ ရပ်တန့်ဖို့အတွက် လုံခြုံရေးဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေတယ်လို့ ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) က ပြောထားပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးဖြတ် တောက်ဖို့အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး PEA ရဲ့ သဘောထားတစ်ခုထဲနဲ့ လျှပ်စစ်မီးဖြတ်တောက်လို့ မရဘူးလို့ ဆိုပါတယ်။


ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှု


ကျားဖြန့်တရုတ်တွေရောက်လာရင် အရင်သူတို့ အခြေချခဲ့နေရာတွေမှာလိုပဲ လူနေမှုစားရိတ်နဲ့ ကုန်စျေးနှုန်းတွေတက်လာမှာကို ဘုရားသုံးဆူမြို့ခံတွေက စိုးရိမ်နေကြပါတယ်။ပြီးတော့ ကျားဖြန့် လုပ်ငန်း ဆောက်လုပ်ရေးလုပ်ကွက်တွေမှာလည်း ဒေသခံအလုပ်သမားတွေကို ခေါ်မသုံးဘူးလို့ နောက်ထပ်မြို့ခံတစ်ဦးက ပြေပါတယ်။


“အဲ့ဒီလုပ်ကွက်တွေမှာ အလုပ်ကြမ်းသမားက အစပညာရှင်အဆုံး အခြားဒေသက သူတွေကို ခေါ်သုံးတယ်။ ဒေသခံတွေကို မသုံးဘူး။ ဆိုင်လခ၊ အိမ်လခတွေ အစစဈေးတွေတက်သွားတယ်။ အရင်က တစ်လ ဘတ် ၄၀၀၀ ဆိုင်ခန်း၊ အခုဘတ်နှစ်သောင်းဖြစ်သွားပြီ။ ဘာသွားရောင်းစားကြမလဲ။ အရင်က တလ ၅၀၀ ဘတ်အခန်းက အခု ၁၅၀ဝ ။ အရင်တည ၃၅၀ ဘတ် တည်းခိုခန်း အခု ဘတ် တစ်ထောင်ဖြစ်သွားပြီ“


ဆိုင်ခန်းခစျေးပိုပေးတဲ့ တရုတ်တွေကို ဌားလိုက်တဲ့အတွက် ဒေသခံတွေ သူတို့ အလုပ်လုပ်နေတဲ့ ဆိုင်ခန်းတွေ အကုန်ပစ်ပြေးကုန်ပြီလို့ အထက်ပါ ဘုရားသုံးဆူမြို့ က ဆက်ပြောပါတယ်။ ကျားဖြန့်တရုတ်တွေဝင်လာတဲ့အတွက် နေစရိတ်၊စားစရိတ်တွေကြီးပြီး ဒေသခံတွေရဲ့ ဘဝပိုကျပ်တည်းလာမှာကို ဘုရားသုံးဆူဒေသလူတွေက စိုးရိမ်နေကြပါတယ်။


ဘာတွေဆက်ဖြစ်လာမလဲ


မြန်မာနိုင်ငံ မြဝတီမြို့ဘက်အခြမ်းက ကျားဖြန့်ဂိုဏ်းတွေကို အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် နှိမ်နှင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က အာဆီယံဆယ်နိုင်ငံ သံတမန်များ တွေ့ဆုံပွဲမှာ ထုတ်ပြောထားပါတယ်။


ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ကျားဖြန့်တိုက်ဖျက်ရေး တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးမယ့် “ကွာလန်း” စီမံချက်ကို ထိုင်းရဲမှူးချုပ်က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပြီး ဖမ်းဆီးမှုတွေကို စတင်ခဲ့ပါတယ်။


၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က ကျားဖြန့်လုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို ပိုမိုလုပ်ဆောင်မယ်လို့ ပြောကြားပြီးတဲ့နောက် အခုစီမံချက်ကို စတင်လိုက်တာဖြစ်ပါတယ်။


ပြီးတော့ လတ်တလောမှာလည်း မြန်မာဘက်ခြမ်းက ရွှေကုက္ကိုမြို့အခြေအနေကို ထိုင်းဘက်ခြမ်း ကနေ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr . Liu Zhongyi က ဇန်နဝါရီ ၂၉ ရက်မှာ သွားကြည့်ထားတာရှိတော့ ကျားဖြန့်နှိမ်နင်းရေးတိုက်ပွဲတခု ဘယ်လိုဆက်ဖြစ်လာမလဲ၊ ဘုရားသုံးဆူက ကျားဖြန့်တရုတ် အုပ်စုလိုက်ကြီး ဘယ်ကိုရွှေ့ ဆက်လှုပ်ရှားကြမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page